Serial Killer ရုပ်ရှင် အမျိုးအစားတွေကို ကြိုက်တဲ့ ပရိသတ်တွေက သပ်သပ်တဖွဲ့ကို ရှိပါတယ်။ The Texas Chain Saw Massacre ၊ Hannibal ၊ Saw နဲ့ Halloween တို့လို ဇာတ်ကားတွေမှာ အောင်မြင်မှု အကြီးအကျယ် ရထားတာ ကြည့်ရင်ပဲ ဒီလို ထိတ်လန့်ခြောက်ခြားဖွယ် သွေးထွက်သံယို ရုပ်ရှင်ကားတွေကို နှစ်သက်သဘောကျ ကြိုက်ကြတဲ့ ပရိသတ်က ဒုနဲ့ဒေး ရှိတယ်ဆိုတာကို သက်သေပြနေတာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုဆန်ဆန် ထိတ်လန့်ခြောက်ခြားဖွယ်ရာ သွေးထွက်သံယိုကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အကောင်းဆုံး Serial Killer ရုပ်ရှင်ဇာတ်ကား အချို့ကို တင်ဆက်ပေးသွားပါမယ်။

(၁) Lumberjack the Monster (2023)

Source : ワーナー ブラザース 公式チャンネル

Lumberjack the Monster (2023) ဇာတ်ကားက ရှယ်ကြမ်းတဲ့ သွေးထွက်သံယို ခန်းတွေ ကြည့်ရမယ့် Horror/Crime အမျိုးအစား ဂျပန်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားထဲက လူသတ်သမားကတော့ လူတွေကို ရိုးရိုးမသတ်ပဲ သတ်ပြီးချိန်မှာ ဦးနှောက်တွေကို ထုတ်ယူသွားတက်လို့ ဦးနှောက်ဖောက်ထွင်းသူလို့ပင် နာမည်ပြောင်ရထားတဲ့ ကွင်းဆက်လူသတ်သမားပါ။ ဘာကြောင့် လူတွေရဲ့ ဦးနှောက်တွေကို ဖောက်ယူတာလဲ ၊ သာမာန်ဆိုက်ကိုဆန်ဆန် ကွင်းဆက်လူသတ်သမားပဲလား ဒါမှမဟုတ် ဒီလိုလုပ်ရတဲ့နောက်ကွယ်မှာ အကြောင်းအရင်း တစ်ခုခုရှိနေမလားဆိုတာတော့ ပရိသတ်တွေကပဲ ဆက်လက်အဖြေရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားက IMDb Rating 5.9/10 ရရှိထားပါတယ်။

(၂) Holy Spider (2022)

Source : Utopia

Holy Spider (2022) ဇာတ်ကားကတော့ ဇာတ်လမ်းဇာတ်အိမ် တော်တော်လေး ကောင်းတဲ့ သွေးထွက်သံယို Crime/Thriller ဇာတ်ကားကောင်းတစ်ကားပါ။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်ရိုက်ထားတာကြောင့်လည်း ဇာတ်လမ်းပိုင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာလို့ ပြောလို့ရပါတယ်။ ဒီရုပ်ရှင်က လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ ပြည့်တန်ဆာ အမျိုးသမီးငယ်တွေကို သတ်ဖြတ်ခဲ့တဲ့ အီရန်ကွင်းဆက် လူသတ်သမားအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အော်စကာဆု ဆန်ကာတင်စာရင်းဝင်ရလောက်တဲ့အထိ နာမည်ကြီးသလို ဘာသာရေးဆိုင်ရာ ဝေဖန်မှုတွေ ၊ လူမျိုးရေး ပြဿနာတွေနဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb Rating လည်း 7.3/10 ရရှိထားပါတယ်။

(၃) The Black Phone (2021)

Source : Universal Pictures

The Black Phone (2021) ဇာတ်ကားက ထိတ်လန့်ခြောက်ခြားဖွယ် Horror ဆန်ဆန်နဲ့ ရင်တဒိတ်ဒိတ် ကြည့်ရမယ့် ဆိုက်ကိုလူသတ်သမား ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားထဲက လူသတ်ကောင်တွေက ကလေးငယ်လေးတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ထပ်မံပစ်မှတ်ထားတဲ့ နောက်ဆုံးကလေးတစ်ယောက်ကို ဖမ်းမိချိန်မှာ ပရလောကနဲ့ ဆက်စပ်နေတဲ့ ထူးဆန်းဖွယ် အဖြစ်အပျက်တွေ ဖြစ်လာတာပါ။ The Black Phone နာမည်အတိုင်းပဲ သေဆုံးသွားခဲ့တဲ့ ကလေးငယ်တွေက နောက်ဆုံး အသတ်ခံရမယ့် ကလေးကို လူသတ်ကောင်လက်ကနေ လွှတ်မြောက်ဖို့ ဖုန်းတွေခေါ်ပြီး အကူညီပေးလာတာ ဖြစ်ပါတယ်။ စိတ္တဇဆန်ဆန် လူသတ်ဇာတ်လမ်းကိုမှ ဝိညာဉ်တွေ ၊ ပရလောကသားတွေနဲ့ ဆက်စပ်နေတာကြောင့် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက IMDb Rating 6.9/10 ရရှိထားပါတယ်။

(၄) The Devil All the Time (2020)

Source : Netflix

The Devil All the Time (2020) ဇာတ်ကားက အမေရိကန်စာရေးဆရာ Donald Ray Pollock ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပါတယ်။ Tom Holland ၊ Robert Pattinson နဲ့ Bill Skarsgård တို့လို နာမည်ကြီး ထိပ်တန်းမင်းသားတွေ အများအပြား ပါဝင်အားဖြည့် ရိုက်ကူးထားပါတယ်။ ဝတ္ထုရဲ့အရသာကို မပျက်စေပဲ သေချာလေး ရိုက်ကူးပုံဖော်ထားပြီး ဘာသာရေးဆိုင်ရာ အစွန်းရောက်မှုတွေ ၊ စိတ္တဇဆန်ဆန် သွေးထွက်သံယို လူသတ်ခန်းတွေနဲ့ တော်တော်လေးကြမ်း ၊ တော်တော်လေးလည်း ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက IMDb Rating 7.1/10 ရရှိထားပါတယ်။

(၅) Game Over (2019)

Source : RelianceEntertainment

Game Over (2019) ဇာတ်ကားကတော့ မိန်းမပျိုတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ် ၊ အလောင်းဖျောက်လေ့ရှိတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် စိတ္တဇလူသတ်သမား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယရုပ်ရှင် ဆိုတော့ ဇာတ်လမ်းဇာတ်အိမ်ကတော့ တော်တော်လေးကို ကောင်းမွန်ပါတယ်။ နှစ်သစ်ကူးညမှာ စိတ္တဇလူသတ်သမားရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ မိန်းမပျိုငယ်လေးကို ထပ်မံရက်ရက်စက်စက် သတ်ဖြတ်အလောင်းဖျောက်နိုင်မလား ဒါမှမဟုတ် ဒီညက လူသတ်ကောင်အတွက် နောက်ဆုံးညဖြစ်မလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ အဖြေရှာကြည့်လိုက်ပါဦး။ ဒီဇာတ်ကားက IMDb Rating 6.9/10 ရရှိထားပါတယ်။

Source : MovieWeb

Featured Photo : Grimoire of Horror