ဆီးကျိတ် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စာရေးသူတို့ အမျိုးသားတိုင်း အထူး သတိထားရမယ့် ဆီးကျိတ်ပြဿနာ (၃) မျိုး ရှိပါတယ်။ ဒါတွေကတော့
- ဆီးကျိတ်ကြီးခြင်း – Benign Prostatic Hyperplasia (BPH)
- ဆီးကျိတ်ရောင်ခြင်း – Prostatitis
- ဆီးကျိတ်ကင်ဆာ – Prostate Cancer
တို့ပဲ ဖြစ်ပါတယ်။
ဆီးကျိတ်ကြီးခြင်း – Benign Prostatic Hyperplasia (BPH)

Photo : Fairbanks Urology
Benign Prostatic Hyperplasia (BPH) လို့ခေါ်တဲ့ ဆီးကျိတ် ကြီးတဲ့ ပြဿနာဟာ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ လေ့လာမှုတွေအရ အသက် ၅၀ နဲ့ ၆၀ ကြား အမျိုးသားတွေမှာ ၅၀ ရာခိုင်နှုန်း ရောဂါဖြစ်ပွားနိုင်ခြေရှိပြီး အသက်၈၀ နဲ့အထက် အမျိုးသားတွေမှာတော့ ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဆီးကျိတ်ကြီးခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ဆီးသွားရခက်ခြင်း ၊ ဆီးသွားပြီးပြီးချင်းမှာပင် ဆီးထပ်သွားချင်နေခြင်း ၊ ညဘက် ခဏခဏ ဆီးသွားခြင်း ၊ ဆီးကျန်တယ်လို့ ခံစားရခြင်း စတာတွေ ကြုံတွေ့ခံစား ရနိုင်ပါတယ်။
ဆီးကျိတ်ရောင်ခြင်း – Prostatitis

Photo : Prof. Dr. Hasan Biri
ဆီးကျိတ်ရောင်ခြင်း (Prostatitis) အခြေအနေဟာ ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ တဆင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ပြီး အသက် ၅၀ အောက် အမျိုးသားတွေမှာ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆီးကျိတ် ရောင်နေပြီဆိုရင်တော့ ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ခံစားရခြင်း ၊ ဆီးသွားရ ခက်ခြင်း သို့မဟုတ် ဆီး တစ်စက်တစ်စက် သွားခြင်း ၊ အထူးသဖြင့် ညဘက်တွေမှာ မကြာခဏ ဆီးသွားခြင်းနဲ့ အဖျားတက်ခြင်းကဲ့သို့ ရောဂါလက္ခဏာတွေ ပြတက်ပါတယ်။
ဆီးကျိတ်ကင်ဆာ – Prostate Cancer

Photo : Mississippi Urology Clinic
ဆီးကျိတ်ကင်ဆာ (Prostate Cancer) ကတော့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုးပါ။ ဆီးကျိတ်မှာရှိတဲ့ ဆဲလ်တွေ အလျင်အမြန် ကြီးထွားလာခြင်းကနေ ဖြစ်ပေါ်ရတဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့ မရှိပဲ ရောဂါအခြေအနေ တိုးလာတာနဲ့အမျှ တဖြည်းဖြည်းချင်းလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဆီးမသွားနိုင်ခြင်း ၊ ဆီးသွားရခက်ခြင်း ၊ ဆီးနည်းနည်းပဲသွားခြင်း ၊ ဆီးသွားစဉ် သို့မဟုတ် သုတ်လွှတ်စဉ် နာကျင်ခြင်း ၊ ဆီးနဲ့ သုတ်ရည်မှာ သွေးပါခြင်း ၊ ခါးအောက်ပိုင်း တင်ပါးနဲ့ ပေါင်အတွင်းပိုင်းမှာ မကြာခဏဆိုသလို နာကျင်ခြင်း သို့မဟုတ် တောင့်တင်းခြင်း စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။
ဆီးကျိတ်ပြဿနာ (၃) မျိုးလုံးဟာ ဖြစ်ပွားရတဲ့ နောက်ခံ အကြောင်းအရင်းတွေ မတူပေမယ့် အချို့သော လက္ခဏာတွေကတော့ ဆင်တူပါတယ်။ ဆီးကျိတ် ကျန်းမာရေးနဲ့ ရောဂါအခြေအနေကို ကွဲကွဲပြားပြား သိရှိနိုင်ဖို့ ဆရာဝန်နဲ့ ပုံမှန် သွားရောက်စစ်ဆေးမှု ခံယူတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
Source : Web MD
Featured Photo : Your Doctors Online
