ချဲလ်ဆီးကြယ်ပွင့် ရာဟင်း စတာလင် ကတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆော်ဒီအာရေဗျရဲ့ မျက်စိကျစရာ အပြောင်းအရွှေ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Raheem Sterling

Photo : We Ain’t Got No History

ချဲလ်ဆီးတောင်ပံကစားသမားဟာ ဒီအပြောင်းအရွေ့ကိုသာ လက်ခံခဲ့မယ်ဆိုပါက ဆော်ဒီပရိုလိဂ်ရဲ့ လစာအများဆုံးကစားသမား ၃ ဦးထဲကတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာပဲ နောက်ထပ် တစ်ရာသီဆက်ကုန်ဆုံးဖို့ကို ရွေးချယ်ခဲ့ပါတယ်။

Telegraph ရဲ့ ဖော်ပြချက်အရတော့ စတာလင်ဟာ လက်ရှိချဲလ်ဆီးမှာ ရနေတဲ့ လုပ်ခလစာထက် အဆမတန်ပိုများတဲ့ အရှေ့အလယ်ပိုင်းမှ ကမ်းလှမ်းမှုတစ်ခုကို ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိ ချဲလ်ဆီးမှာရနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၀၀,၀၀၀ ရဲ့ ၃ ဆကို ဆော်ဒီမှာ ရရှိမှာဖြစ်ပြီး အကယ်၍ ဒီအပြောင်းအရွေ့ကိုသာ သဘောတူခဲ့မယ်ဆိုပါက စတာလင်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့နောက် ဆော်ဒီပရိုလိဂ်မှာ ဝင်ငွေအများဆုံးရရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အင်္ဂလန်သားကတော့ ရာသီကုန်မှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ရည်ရွယ်ချက်မရှိသေးတာကြောင့် အဆိုပါ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်း စတာလင် ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးအသင်းကနေ စတန်းဖို့ဒ်ဘရစ်ခ်ျကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုးအထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး စနေနေ့ညမှာ အသင်းဟောင်း မန်ချက်စတာစီးတီး အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

Raheem Sterling

Photo : Goal.com

ချဲလ်ဆီးအသင်းကတော့ လာမယ့်အပတ်ထဲမှာ လီဗာပူးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ဆင်နွဲသွားရမှာဖြစ်ပြီး နည်းပြ ပိုချက်တီနိုလက်ထက် ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။

Featured Photo : Goal.com