ရီးရဲလ်မက်ဒရစ် အသင်းဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက် ယခုနွေရာသီမှာ စပါးကြယ်ပွင့် ကစားသမား ဆွန်ဟောင်မင် ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထား ချိတ်ဆက်လာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Photo : South China Morning Post

အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားသားဟာ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်ဟော့ စပါးအသင်းအတွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး သွင်းဂိုး ၂၃ ဂိုးသွင်းယူပေးခဲ့ကာ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ် ရူဒီဂါလက်တီရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ တောင်ကိုရီးယားသားရဲ့ အခြေအနေကိုစောင်ကြည့်နေပြီး မကြာခင်မှာ အံ့အားသင့်ဖွယ် ချိတ်ဆက်မှုတွေပြုလုပ်လာ နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ် နည်းပြအဖြစ်နဲ့ ပြီးခဲ့တဲ့ရာသီက ဒုတိယကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုနွေရာသီမှာအသင်းရဲ့ တိုက်စစ်ကို ပိုမိုအားကောင်းလာစေဖို့ ကြိုးပမ်းလိုနေတာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ် နဲ့ အစ္စကိုတို့ နှစ်ဦးစလုံးဟာ ရီးရဲလ်နဲ့ သက်တမ်းကုန်ဆုံးပြီးနောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိနေပြီး လီဗာပူးနဲ့ အေစီမီလန်အသင်းတို့က စိတ်ဝင်စားနေတဲ့ မားကိုစ့် အဆန်စီရို ကလည်း အသင်းနဲ့အနာဂတ်က မသေချာမရေရာတဲ့ အခြေအနေမှာရှိနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ အမ်ဘာပေ ကိုခေါ်ယူဖို့ကာလကြာရှည် ကြိုးပမ်းခဲ့ပေမယ့် ပြင်သစ်သားဟာ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ ရီးရဲလ်အနေနဲ့ နောက်ထပ်ပစ်မှတ် ကစားသမားတွေကို ရှာဖွေနေခဲ့ရပြီး ဒီထဲကမှ စပါးအသင်းတိုက်စစ်မှူးဟာ အသင့်တော်ဆုံး ကစားသမားအဖြစ် စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။

Photo : Daily Mail

အဆိုပါ တောင်ကိုရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးခဲ့သလို ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး အန်တိုနီယို ကွန်တီရဲ့အသင်းကို ချန်ပီယံလိဂ်ဝင်အောင်လည်း အဓိကစွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တော့တင်ဟမ်အသင်းကနေ ခေါ်ယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် စပိန်ဘီလူးကြီး အနေနဲ့ ယခင်က လူကာမိုဒရစ်နဲ့ ဂါရတ်ဘေးလ်တို့ကို တော့တင်ဟမ် ကနေခေါ်ယူနိုင်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ဖူးပါတယ်။

ဆွန်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိကာ စပါးအသင်းအနေနဲ့ကလည်း အသင်းအတွက်အရေးပါတဲ့ အဆိုပါတိုက်စစ်မှူးကို လက်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

” ဒီမှာက အိမ်လိုပါပဲ။ အထူးသဖြင့် ပရိသတ်တွေ ၊ ကစားသမားတွေ ၊ ဝန်ထမ်းတွေကြောင့်ပါ။ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါကလွယ်ပါတယ်။ ကျွန်တော် ဒီမှာနေရတာ အရမ်းပျော်နေပြီး မကြာခင်မှာ ပရိသတ်တွေနဲ့ ပြန်တွေ့ရတော့မှာကြောင့် အရမ်းဝမ်းသာပါတယ်” လို့ ပြီးခဲ့တဲ့နွေရာသီက စာချုပ်အသစ်ချုပ်ဆိုခဲ့အပြီးမှာ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။

Photo : Daily Star

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပစ်မှတ်ထားနေတဲ့ တခြားတိုက်စစ်မှူးတွေထဲမှာ မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် အလီဂျန်ဒရို ဂါနာချို နဲ့ အဲဗာတန်ကနေ ထွက်ခွာချင်နေတဲ့ ရစ်ချာလီဆန် တို့လည်းပါဝင်နေပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Featured Photo : Daily Star