ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့ စပါးနဲ့ ၂ -၂ ဂိုး သရေကျခဲ့တဲ့ပွဲစဉ်မှာ ဆွန်ဟောင်မင် ကို ဦးတည်ပြီး လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားတိုက်စစ်မှူးဟာ လန်ဒန်ဒါဘီပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်း ၇၉ မိနစ်မှာ ဘီဆူးမားနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။


Photo : The Mirror

လူမျိုးရေးခွဲခြားမှုဖြစ်စဉ်ဟာ ဒုတိယပိုင်းပွဲကစားချိန်အတွင်း Shed End ပွဲကြည့်စင်နားမှာ ဆွန်ဟောင်မင် ထောင့်ကန်ဘောကန်ခဲ့စဉ်က ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ ဆွန်ဟာ အင်္ဂလန်မှာ ကစားခဲ့စဉ်ကတည်းက အခုလို လူမျိုးရေးခွဲခြားမှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဆွန်ကို လူမျိုးရေးအရစော်ကားခဲ့တဲ့အတွက် ဝက်စ်ဟမ်းပရိသတ်တစ်ဦး ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။ ၂ နှစ်အကြာမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဆွန်ကို အွန်လိုင်းကနေ လူမျိုးရေးခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့ တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ် ၃ ဦးကို ပွဲကြည့်ခွင့် ပိတ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲကတော့ အတော်လေး ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီး အသင်းက ကာလီဒူကူလီဘာလေနဲ့ ရီဆီဂျိမ်းစ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ကာ စပါးအသင်းကစားသမား ပိုင်ရီအီမေးလ် ဟိုဂျက်နဲ့ ဟယ်ရီကိန်းတို့က ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

Photo : The Sun

အဆိုပါ ပွဲစဉ်အတွင်းမှာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ အများအပြား ဖြစ်ပွားခဲ့ပြီး ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်က တော့တင်ဟမ်စပါးအသင်းရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ မပေးသင့်တဲ့ ဂိုးတွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်နဲ့ စပါးနည်းပြ ကွန်တီတို့ကလည်း ပွဲအတွင်းမှာ အကြိမ်ကြိမ် အချင်းများခဲ့ကြပြီး ဒိုင်လူကြီးက နည်းပြနှစ်ဦးစလုံးကို အနီကတ် ပြသခဲ့ပါတယ်။

ဂျာမန်နည်းပြတူချယ်ကတော့ ပွဲပြီးချိန်မှာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ဝေဖန်မှုတချို့ပြုလုပ်ခဲ့ပြီး နောက်လာမယ့် ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို ဒိုင်အဖြစ် ဆက်လက်ကိုင်တွယ်ခွင့်ပေးသင့်လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Featured Photo : Daily Mail