လီဗာပူးနည်းပြကြီး ယာဂင် ကလော့ပ် ကတော့ လီဗာကူဆင်အသင်း နည်းပြ ဇာဗီ အလွန်ဆို ကို မျိုးဆက်သစ် နည်းပြတွေထဲမှာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြား လိုက်ပါတယ်။

Xabi Alonso

Photo : The Sun

အသက် ၅၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နည်းပြကြီး ကလော့ပ် ဟာ လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့အနာဂတ် နည်းပြသစ်ရာထူးအတွက် လီဗာပူး ကစားသမားဟောင်း အလွန်ဆိုက ရေပန်းစားလျက်ရှိပြီး အန်ဖီးလ်ကို ခေါ်ယူနိုင်ရေးအတွက် အသင်းဘက်က ချိတ်ဆက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

နည်းပြ ကလော့ပ် ကတော့ ” အလွန်ဆိုဟာ တကယ်ကို မယုံနိုင်လောက်အောင် အလုပ်လုပ်တဲ့သူ” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဇာဗီ အလွန်ဆို ဟာ လီဗာပူးကစားသမားဘဝကို ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၅ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ စူပါဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို ပြောင်းရွေ့ကစားခဲ့ပေမယ့် ထင်သလောက် အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲပြီး ကစားသမားဘဝကနေ အနားယူသွားခဲ့ကာ ၂၀၁၉ ခုနှစ်မှာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဇာဗီ အလွန်ဆိုဟာ ၂၀၂၀ ခုနှစ်မှာ လေဗာကူဆင်အသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲမရှိမှတ်တမ်းနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသလို ယူရိုပါလိဂ် နောက်ဆုံး ၁၆ သင်းနဲ့ ဂျာမန်ဖလား ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပြီး လက်ရှိ ၁၁ ရာသီဆက် ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို ၅ မှတ် ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမှတ်ပေးဖလားပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာ အပါအဝင် ဂျာမန်​ ဘွန်​ဒက်​လီဂါမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ပြသနိုင်နေတဲ့ နည်းပြ အလွန်ဆိုကို နည်းပြသစ်အဖြစ်ခေါ်ယူဖို့ စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ် အပြင် ဥရောပ ထိပ်တန်းကလပ် တော်တော်များများက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Jurgen Klopp

Photo : The Sun

” ခင်ဗျား ပြီးခဲ့တဲ့ ၈ ပတ်လောက်ကသာ အလွန်ဆို အကြောင်း ကျွန်တော့်ကို မေးရင် အိုးမိုင်ဂေါ့လို့ ပြန်ပြောမိမှာပါ။ ကျွန်တော်အပါအဝင် အန်ဆယ်လော့တီ ၊ မော်ရင်ညို ၊ ဂွာဒီယိုလာတို့အားလုံး ဒါကို ဆက်မလုပ်နိုင်ပါဘူး။ မော်ရင်ညိုကတော့ ချွင်းချက်ပေါ့။ ဒါပေမယ့် သေချာတာက ကျွန်တော်တို့အားလုံး နောက်နှစ် ၂၀ လောက်အထိ နည်းပြဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အနာဂတ်နည်းပြလောကအတွက် အလွန်ဆိုကတော့ တကယ်ကို ထူးချွန်တဲ့သူတစ်ဦးလို့ ပြောချင်ပါတယ်”လို့ နည်းပြကြီး ယာဂင် ကလော့ပ် ပြောကြားခဲ့ပါတယ်။

နည်းပြကြီး ယာဂင် ကလော့ပ် ကတော့ လီဗာပူးအသင်းကို ၉ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် လာမယ့် နွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အံ့အားသင့်ဖွယ် ကြေညာခဲ့တာဖြစ်ပြီး ” လုပ်နိုင်စွမ်းတွေ ကုန်လွန်နေပြီ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Goal.com