ဝက်စ်ဟမ်း အသင်းဟာ အိမ်မွေးကြောင်ကို ကန်ကြောက်ခဲ့တဲ့ လုပ်ရပ်အတွက် ပြင်သစ်နောက်ခံလူ ကတ် ဇူးမား ကို ပေါင် ၂၅၀,၀၀၀ ဒဏ်ရိုက်ပြီး တိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ၉ ခုထံ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Photo : The Guardian
အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားဟာ ယခုနှစ်အစောပိုင်းမှာ ၎င်းရဲ့ အိမ်မွေးကြောင် ကို ကန်ကြောက်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့တာကြောင့် အပြင်းအထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ အိမ်မွေးကြောင် ၂ ကောင်ကိုလည်း တိရိစ္ဆာန်ထိန်းသိမ်း စောင့် ရှောက်ရေး အဖွဲ့ RSPCA က လွှဲပြောင်းထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဇူးမားရဲ့ တိရိစ္ဆာန်အကြမ်းဖက်မှုလုပ်ရပ်အပေါ် ပြစ်တင်ရှုံ့ချခဲ့ပေမယ့် ပွဲကစားခွင့် ပိတ်ပင်တာမျိုးမရှိခဲ့ပဲ အခုအချိန်မှာတော့ ပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ တိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တွေထံ လှူဒါန်းမှုတွေ ပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကတ်ဇူးမားကို ဒဏ်ရိုက်ခဲ့ပြီး ရရှိလာတဲ့ ဒဏ်ကြေးငွေတွေကို တိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေထံ ပေးအပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
” ဝက်စ်ဟမ်းအသင်းအနေနဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေကို ငွေကြေးဆိုင်ရာ လှူဒါန်းမှုတွေ ပြုလုပ်ခွင်ရခဲ့တဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ် ၊ ယူကေနဲ့ နိုင်ငံတကာမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့ စုစုပေါင်း ၉ ခုကို ငွေကြေး ထောက်ပံ့လှူဒါန်းခဲ့ပါတယ် ” လို့ ဝက်စ်ဟမ်းအသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။
Photo : The Independent
ပြင်သစ်နောက်ခံကစားသမား ကတ် ဇူးမားဟာ အိမ်မွေးကြောင်ကို အကြမ်းဖက်ကန်ကြောက်နှိပ်စက်မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဝက်စ်ဟမ်းအသင်းနဲ့ ပွဲထွက်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ဝက်စ်ဟမ်းပရိသတ်တွေအပါအဝင် ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ ပြစ်တင်ရှုံ့ချ လှောင်ပြောင်ခြင်းတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။
ဇူးမားဟာ လက်ရှိမှာ ကြောင်ကိုကန်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် RSPCA အဖွဲ့ရဲ့ တရားဆွဲဆိုခြင်းကို ခံထားရပြီး အလားတူ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်ပေါ်တင်ခဲ့တဲ့ ဇူးမားရဲ့ အစ်ကိုဖြစ်သူ ယိုအန်ကိုလည်း RSPCA ဘက်က တရားစွဲဆိုထားပါတယ်။
Photo : Linda Ikeji’s Blog