အခုနောက်ပိုင်း Party Drink အနေနဲ့ လူကြိုက်များလာတဲ့ ယမကာ အမျိုးအစားကို ပြောပါဆိုရင် မက္ကဆီကန်နာနတ်ရိုင်းပင်ကနေ ထုတ်ထားတဲ့ တက်ကီလာကိုပဲ ပြောရမှာပါ။ တက်ကီလာရဲ့ ထူးခြားကွဲပြားတဲ့ ရနံ့ နဲ့ သောက်ရတဲ့ ဖက်ရှင်က လူချမ်းသာတွေနဲ့ ကျော်ကြားသူတွေအကြားမှာ ဦးစားပေးသောက်စရာအနေနဲ့ ရေပန်းစားလာနေပါတယ်။

Agave လိုခေါ်တဲ့ နာနတ်ရိုင်းပင်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ တက်ကီလာဆိုတာ မက္ကဆီကန်အနောက်ပိုင်း Jalisco ဆိုတဲ့ နယ်က တက်ကီလာမြို့ငယ်လေးက ထွက်ပါတယ်။ တက်ကီလာမီးတောင်ခြေနားက မြို့လေးကထွက်တဲ့ Blue Agave တောနာနတ်ရိုင်းပင်ကနေ ချက်လုပ်ပါတယ်။ အယ်လ်ကိုဟောပါဝင်မှု ၃၈ % ရှိပြီး အနံက မြေသင်းနံ့နဲ့ အချိုနံ့စွက်ထားတဲ့ စပ်ရှရှ Spicy ဆန်တာက ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။

တက်ကီလာကို သူ့ချည်း Straight သောက်နိုင်သလို ရေခဲတုံးလေးတွေနဲ့ On The Rocks သောက်တာ ၊ ကော့တေးလ် တို့ မာဂရီတာစတိုင်လုပ် သောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ တက်ကီလာအမျိုးကွဲပေါင်း ၃၀၀၀ ကျော် ရှိပါတယ်။ ဒီလို များပြားလှတဲ့ တက်ကီလာအမျိုးအစားတွေထဲကမှ ဈေးအကြီးဆုံး လို့ ဆိုနိုင်မယ့် တက်ကီလာ တွေအကြောင်းကို ဒီတစ်ခေါက် ပြောပြပေးချင်ပါတယ်။

(၁) Tequila Ley. 925 Diamante – $3,500,000

Tequila Ley. 925 Diamante

Photo : lemonsforlulu

ဒေါ်လာ ၃.၅ သန်းဆိုတာ လက်ရှိ မြန်မာငွေ ပေါက်ဈေးနဲ့ဆို သိန်း ၇ သောင်းကျော် ရှိနိုင်ပါတယ်။ ဒီလောက်ငွေနဲ့ဆို လောကမှာ လူကုံတန်တစ်ယောက်လို တင့်တင့်တယ်တယ် နေနိုင်မှာ မလွဲပါဘူး။ ဒါပေမယ့်လည်း အရက်သောက်မယ်ဆိုရင်လည်း တစ်ပုလင်းစာပဲ ရှိပါတယ်။ Tequila Ley. 925 Diamante ဆိုတဲ့ တက်ကီလာဟာ ဒေါ်လာ ၃.၅ သန်းနဲ့ အရောင်းအဝယ်ဖြစ်သွားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တက်ကီလာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က Tequila Ley. 925 Diamante တက်ကီလာကို ရောင်းချသွားခဲ့တာ ဖြစ်ပြီး မယုံနိုင်လောက်အောင် ဈေးကြီးလှပေမယ့် ဝယ်သူရှိခဲ့တာကလည်း အံ့ဩစရာပါ။ သေသေချာချာ ရွေးထားတဲ့ ရာနှုန်းပြည့် ၁၀၀% Agave အရည်အသွေးကောင်းကောင်းနဲ့ ထုတ်ထားတာ ဖြစ်ပြီး စည်ထဲမှာ ၇ နှစ်ကြာ သွပ်ထားခဲ့တာပါ။ Tequila Ley. 925 Diamante ဈေးကြီးရတာ အကြောင်းရှိပါတယ်။

ဒီပုလင်းကို Jose Davalos Mejia ဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာက သန့်စင်တဲ့ ပလတ်တီနမ် ၅ ပေါင်နီးပါးနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ပုလင်းမှာ အနာအဆာကင်းတဲ့ စိန်ဖြူ ၄၁၀၀ မြှပ်ထားတာပါ။ ပုလင်းဖန်တီးဖို့ ၁၀ လကြာ အချိန်ယူခဲ့ရပြီး ပုလင်းထဲက တက်ကီလာထက် စိန်စီထားတဲ့ ပုလင်းက ဒီတက်ကီလာကို ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ် မှတ်တမ်းဝင်စေခဲ့တာလို့ ဆိုနိုင်ပါတယ်။

(၂) Ley .925 Ultra-Premium – $225,000

Ley .925 Ultra-Premium

Photo : lemonsforlulu

ဒေါ်လာသန်းချီတန် တက်ကီလာပြီးရင် Ley .925 Ultra-Premium က ကမ္ဘာ့ဒုတိယဈေးအကြီးဆုံး တက်ကီလာအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ထူးခြားတာက ဒီတက်ကီလာဟာ ၂၀၀၆ ခုနှစ်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တက်ကီလာအဖြစ် Guinness Book Of World Records မှာ တရားဝင် ဖော်ပြခံရတာ ဖြစ်ပါတယ်။ ဒေါ်လာ ၂၂၅၀၀၀ ဈေးနဲ့ ရောင်းထွက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ အဲ့ဒီအချိန်က ဈေးအကြီးဆုံး တက်ကီလာလည်း ဖြစ်ခဲ့ပါတယ်။

Ley .925 Ultra-Premium တက်ကီလာကို သန့်စင်တဲ့ အပြာရောင်နာနတ်ရိုင်း Blue Agave ပင်ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ပေါင်းခံချက်လုပ်ပြီးနောက် ၆ နှစ် ကြာအောင် စည်ထဲမှာ သိုလှောင်ထားခဲ့တာပါ။ ကမ္ဘာပေါ်မှာ Ley .925 Ultra-Premium တက်ကီလာပုလင်း ၃၃ လုံးပဲ ရှိပါတယ်။ ပုလင်းကို သန့်စင်တဲ့ အဖြူရောင်ရွှေ ၊ ပလတ်တီနမ်နဲ့ အဝါရောင်ရွှေတို့ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး ကိုယ့်မှာ ဒေါ်လာ ၂ သိန်းခွဲလောက် ရှိရင် လက်ကျန်ပုလင်းတွေထဲက တစ်လုံးတော့ အိပ်မက် မက်လို့ ရနိုင်မှာပါ။

(၃) Clase Azul 15th Anniversary Edition – $30,000

Clase Azul 15th Anniversary Edition

Photo : lemonsforlulu

Clase Azul ဆိုတဲ့ တက်ကီလာကုမ္ပဏီကနေ စီးပွားရေးစတင်မှု ၁၅ နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ်အနေနဲ့ Clase Azul 15th Anniversary Edition ကို Limited Edition အနေနဲ့ ထုတ်ခဲ့ပါတယ်။ စုစုပေါင်း ၁၅ လုံးပဲ ထုတ်ခဲ့တာ ဖြစ်ပြီး တစ်လုံးကို ဒေါ်လာ ၃ သောင်း သတ်မှတ်ထားတာပါ။ ၁၅ ပုလင်းလုံး ရောင်းထွက်ခဲ့တယ်လို့ ဆိုပါတယ်။

Clase Azul 15th Anniversary Edition ရောင်းရငွေ ဒေါ်လာ ၄ သိန်းခွဲကို ကုမ္ပဏီရဲ့ အများအကျိုးအတွက် လုပ်နေတဲ့ ပရဟိတအဖွဲ့အစည်း Fundación con Causa Azul A.C ကို လှူဒါန်းခဲ့ပါတယ်။ ဒီပုလင်းတွေ အခုလို ဈေးကြီးရတာ အကြောင်းရှိပါတယ်။ Clase Azul ဟာ ပုလင်းတစ်လုံးစီ တစ်လုံးစီအတွက် မက္ကဆီကန် အနုပညာရှင် ၁၅ ဦးကို ဒီဇိုင်းထုတ်စေခဲ့ပါတယ်။

ပုလင်းထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် စည်မှာ သိုလှောင်ထားခဲ့တဲ့ တက်ကီလာနှစ်မျိုးကို ‌Blend လုပ် ရောထည့်ထားတာ ဖြစ်ပါတယ်။ ပထမတက်ကီလာက စပိန်နိုင်ငံက လာတဲ့ ရှယ်ရီစည်ထဲမှာ ၁၅ နှစ် လှောင်ထားခဲ့ပြီး ဒုတိယတက်ကီလာကတော့ ပေါ်တူဂီနိုင်ငံ ပေါ့တ်စည်မှာ ၆ နှစ် ၊ အမေရိကန်အဖြူရောင် ဝက်သစ်ချစည်ထဲမှာ ၅ နှစ် သိုလှောင်ထားခဲ့တာပါ။

(၄) Patrón En Lalique: Serie 2 Tequila – $7,500

Patrón En Lalique

Photo : lemonsforlulu

Patrón En Lalique: Serie 2 ကတော့ အမေရိကန်ဝက်သစ်ချ ၊ ပြင်သစ်ဝက်သစ်ချနဲ့ ရှယ်ရီသားစပ်ထားတဲ့ စည်ထဲမှာ သက်တမ်း ၈ နှစ်ကြာ သိမး်ခဲ့တဲ့ ရွှေရောင် Anejo တက်ကီလာ အမျိုးအစားဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ၄၀% ရှိပြီး သစ်သီးနံ့ ၊ ဗင်နီလာနံ့ နဲ့ ဝက်သစ်ချနံ့လေး သင်းနေပြီး ချိုမြပြီး သစ်သီးနံ့ရွှမ်းနေပါတယ်။ သပ်ရပ်လှပတဲ့ ခရစ္စတယ် သလင်းကျောက် လက်မှုပညာရဲ့ထုတ်လုပ်ထားတဲ့ ပုလင်းနဲ့ ထည့်ပေးထားပြီး တစ်ပုလင်းကို ဒေါ်လာ ၇၅၀၀ နဲ့ ရောင်းချနေပါတယ်။ ကမ္ဘာ့ ဈေးအကြီးဆုံး တက်ကီလာများထဲမှာ စာရင်းပါနေသလို အနံ့ ၊ အရသာ နဲ့ အရောင်အဆင်းနဲ့ ဆွဲဆောင်မှုက အံ့မခမ်းပဲလို့ ပြောချင်ပါတယ်။

(၅) AsomBroso Reserva Del Porto Expensive Tequila – $2,800

AsomBroso Reserva Del Porto Expensive Tequila

Photo : lemonsforlulu

အထက်မှာ ဖော်ပြခဲ့တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး တက်ကီလာ တွေထဲကမှ ဈေးအနည်းဆုံးအဖြစ် ရွေးချယ်နိုင်မယ့် တက်ကီလာက AsomBroso Reserva Del Porto Expensive Tequila ဖြစ်ပါတယ်။ AsomBroso Reserva Del Porto Expensive Tequila ကို ဘရန်ဒီဆန်တဲ့ တက်ကီလာလို့လည်း ပြောနိုင်ပါတယ်။ နာနတ်ရိုင်းပင်ကချည်း ထုတ်လုပ်ထားတာ ဖြစ်ပြီး ပေါ်တူဂီ ဝိုင်စည်တွေထဲမှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုကြာ သိုလှောင်ထားတဲ့ တက်ကီလာလေးနဲ့ ရောစပ်ပေးထားတာပါ။

AsomBroso Reserva Del Porto Expensive Tequila ကို ချက်လုပ်တဲ့ ကုမ္ပဏီက Ricardo Gamarra ဖြစ်ပါတယ်။ Ricardo Gamarra ဟာ တက်ကီလာကို ထူးကဲ ချိုမြတဲ့ အရသာပေးနိုင်ဖို့ ဆိပ်ကမ်းဝိုင်စည်တွေကို သုံးခဲ့တာပါ။ ဈေးမြောက်ပေမယ့် ပြောခဲ့တဲ့ တက်ကီလာတွေထဲမှာ အရသာထိပ်တန်းအဆင့်ရှိ တမူထူးခြားတဲ့ တက်ကီလာလည်း ဖြစ်သလို ပွဲတိုင်းနဲ့ လိုက်ဖက်တင့်တယ်လို့လည်း နာမည်ကြီးပါတယ်။

Featured Photo : gearmoose