ကျွန်တော်တို့က လူရယ်လို့ ဖြစ်လာပြီးရင် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ဘက်ပေါင်းစုံကနေ ကြုံတွေ့နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို အကြာကြီး သိမ်းမထားသင့်ပါဘူး။ ဒီလိုစိတ်ညစ်စရာတွေကို အကြာကြီး မြိုသိပ်ထားတာ ကြာလာရင် စိတ်ကျရောဂါအထိ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ညစ်နေတာတွေ အမြန်ဆုံး လစ်ဖို့ ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
အသက်ပြင်းပြင်းရှူပါ
Photo : The Pilates Edge
ကွီးတို့ရေ စိတ်ညစ်စရာတွေ၊ ပူပန်စရာတွေ များနေပြီဆိုရင် လျှော့ချဖို့ အလွယ်ဆုံးလုပ်လို့ရတဲ့ နည်းလမ်းလေးတစ်ခုကတော့ အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ခြင်းပါပဲ။ ဖြည်းဖြည်းချင်းနက်ရှိုင်းစွာ အသက်ရှူခြင်းက သွေးဖိအားနှင့် နှလုံးခုန်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ အချိန် (၅) မိနစ်လောက်ယူကာ မျက်လုံးကိုမှိတ်ပြီး စိတ်ရော၊ ကိုယ်ပါ ငြိမ်သက်နေစေပြီး အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ပေးပါ။
သီချင်းနားထောင်ပါ
Photo : Storyblocks
ဂီတသံစဉ်လေးတွေက ကျွန်တော်တို့ရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အရမ်းစိတ်ညစ်နေရင်၊ စိတ်ရှုပ်နေရင် ကွီးတို့အကြိုက်ဆုံး သီချင်းလေးတွေ၊ ဒါမှမဟုတ် စိတ်ကိုပျော်စေမယ့် သီချင်းလေး တစ်ပုဒ်နှစ်ပုဒ်လောက် နားထောင်လိုက်ပါ။ သီချင်းနားထောင်ရုံနဲ့ မကောင်းတဲ့ စိတ်ခံစားချက်ကို အမြန် ပြေလျော့စေနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့ စကားပြောပါ
Photo : Men’s Group
တစ်စုံတစ်ခုကြောင့် ကွီးတို့စိတ်ညစ်စရာတွေ၊ စိတ်စီးစရာတွေ ကြုံတွေ့ခံစားနေရရင် ရင်ထဲမှာ မြိုသိပ်မထားပါနဲ့။ ကွီးတို့ရဲ့ ခံစားချက်တွေကို ချစ်ခင်ရသူတွေနဲ့ ဝေမျှလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရင်ထဲမှာ ပေါ့သွားပြီး စိတ်ခံစားချက်လေးတွေ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ ကွီးတို့ရဲ့ စိတ်ညစ်စရာ ပြဿနာတွေအတွက်လည်း မတူညီတဲ့ ရှုထောင့်ကနေ အကြံဉာဏ်တွေ ရရှိနိုင်ပါတယ်။
ချရေးလိုက်ပါ
Photo : Catholic Charities
ညစ်နေတာတွေ အမြန်ဆုံး လစ်ဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ စာရွက်ပေါ်မှာ ချရေးလိုက်ခြင်းပါပဲ။ ဟုတ်ပါတယ်။ ကွီးတို့ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို စာရွက်ပေါ်မှာ အကုန်လုံးချရေးလိုက်ပါ။ ဒီလို ချရေးခြင်းက ကွီးတို့ရဲ့ အာရုံကြောများကို တည်ငြိမ်စေပြီး မကောင်းတဲ့ စိတ်ခံစားချက်များကို သိသိသာသာ လျော့ပါးသက်သာစေတာ တွေ့ရမှာပါ။
ပီကေဝါးပါ
Photo : Vista Create
ပီကေဝါးခြင်းက အံ့သြစရာကောင်းလောက်အောင် လျင်မြန်လွယ်ကူစွာ စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ပီကေတစ်ခုကို အရသာရှိရှိဝါးနေရုံနဲ့ အချိန်အနည်းငယ်အတွင်း စိတ်ပူပန်မှုနဲ့ ကော်တီဆောအဆင့်ကို လျော့ကျစေနိုင်ပါတယ်။
အကြောဆန့်လိုက်ပါ
Photo : Vista Create
လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ ကြုံတွေ့လာရရင် ကွီးတို့ရဲ့ အလုပ်စားပွဲကနေ ခဏထလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်မှာ တင်းနေတာတွေ လျော့စေဖို့ အားရပါးရ အကြောဆန့်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားများ တင်းမာမှုကို ပြေလျော့စေပြီး စိတ်ဖိစီးများကိုလည်း အထိုက်အလျောက် လျော့ကျစေပါတယ်။
နေရောင်ခြည်ကို ခံစားပါ
Photo : The New York Times
နေသာတဲ့နေ့တစ်နေ့ဆိုရင် ကွီးတို့ရဲ့စိတ်ကို မြှင်တင်နိုင်ဖို့ လွယ်ကူတဲ့နည်းလမ်းကတော့ အပြင်ထွက်ပြီး နေရောင်ခြည်နုနုလေးကို ခံစားခြင်းပါပဲ။ တောက်ပတဲ့ အလင်းရောင်က စိတ်ဓာတ်ကျဝေဒနာ ခံစားရသူများအတွက် ထိရောက်သော ကုသမှုတစ်ခုဖြစ်ပြီး အခြားကျန်းမာသောလူများကိုပင် ရွှင်လန်းစေနိုင်ပါတယ်။ မနက်ခင်း အပူသိပ်မပြင်းတဲ့ နေရောင်ခြည်နုနုလေးကို ခံစားပါ။
အခုဖော်ပြပေးလိုက်တဲ့ နည်းလမ်းကောင်းလေးတွေကို အသုံးပြုပြီး ကွီးတို့ ညစ်နေတာတွေကို အမြန်ဆုံးနည်းနဲ့ ဝဲပစ်လိုက်ပါ။
Source : Colorado Law
Featured Photo : CDC