ရေမွှေးဆွတ်ရတဲ့ ရည်ရွယ်ချက် ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရနံ့လေးသင်းပျံ့နေဖို့ပဲ မဟုတ်ပါလား။ ရေမွှေး ဆွတ်နည်း မှန်ကန်တဲ့အခါမှာ ရေမွှေးနံ့က ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်သွားပြီး ကိုယ်သင်းရနံ့လေးအနေနဲ့ သင်းပျံ့နေပါလိမ့်မယ်။ ရေမွှေးဆွတ်နည်း မမှန်ကန်ရင်တော့ ထင်သလောက် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ ကွီးတို့အတွက် ညို့အားပြင်းတဲ့ ကိုယ်သင်းရနံ့ ရဖို့ ဘယ်လိုမှန်မှန်ကန်ကန် ရေမွှေးဆွတ်ရမလဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။

ရေချိုးပြီးနောက် ခြောက်သွေ့နေသော အသားအရေပေါ်မှာ ဆွတ်ပေးပါ

ညို့အားပြင်းတဲ့ ကိုယ်သင်းရနံ့

Photo : Men’s Journal

ရေချိုးပြီးတဲ့အခါမှာ ခန္ဓာကိုယ်က သန့်စင်နေပြီး အခြားသော အနံ့အသက်များ ကင်းစင်နေပါတယ်။ အရေပြားခြောက်သွေ့ သွားပြီးနောက်မှာ ရေမွှေးကို စွတ်နိုင်ပါတယ်။ ရေချိုးပြီးနောက် ချွေးပေါက်များ ပွင့်နေခြင်းကြောင့် ရနံ့ကို ပိုမိုစုပ်ယူနိုင်ပါတယ်။

မှန်ကန်သော နေရာများဖြစ်ပါစေ

ညို့အားပြင်းတဲ့ ကိုယ်သင်းရနံ့

Photo : Men’s Health

လူတော်တော်များများက ရေမွှေးကို အင်္ကျီပေါ် ဒါမှမဟုတ် ကိုယ်ပေါ်သို့ ပြီးစလွယ်ဖြန်းလိုက်တာ များပါတယ်။ အခုကစပြီး ဒီလိုလုပ်နေမိတယ်ဆိုရင် ရပ်လိုက်ပါ။ အဲဒီအစား ရေမွှေးဆွတ်တဲ့အခါကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ရှိ အရေပြားနှင့် နီးကပ်သော သွေးပြန်ကြောများရှိသော နေရာများကို ဖြန်းပေးပါ။ ၎င်းနေရာများက ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းများထက် အပူကို ပိုမိုထုတ်လွှတ်သောကြောင့် ရေမွှေးဆွတ်ရန်အတွက် အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။ ဒါ့အပြင် ရေမွှေးနံ့ကို ပိုမိုမြန်ဆန်စွာ သက်ရောက်စေပြီး ရနံ့လည်း စွဲစေပါတယ်။ ထိုနေရာတွေကတော့ ကွီးတို့ရဲ့ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်တို့ပဲ ဖြစ်ပါတယ်။

၃ မှ ၆ လက်မ အကွာအဝေးကနေ ဆွတ်ပါ

ညို့အားပြင်းတဲ့ ကိုယ်သင်းရနံ့

Photo : Fashion Beans

ကွီးတို့ရေ ရေမွှေးကို ဘယ်လောက်အကွာအဝေးက ဆွတ်နေပါသလဲ၊ အရမ်းနီးနီးကပ်ကပ် ဆွတ်ခြင်းကလည်း မမှန်သလို၊ အရမ်းဝေသွားရင်လည်း အဆင်မပြေပါဘူး။ ဒါကြောင့် ၃ လက်မ မှ ၆ လက်မ အကွာအဝေးအတွင်း ရေမွှေးပုလင်းကို ကိုင်ပြီးဆွတ်ခြင်းက အမှန်ကန်ဆုံးနည်းပါပဲ။

အဝတ်အစားများအပေါ် ရေမွှေးဆွတ်ခြင်းကို ရှောင်ပါ

Photo : Vista Create

အဝတ်အစားတွေအပေါ်ကနေ ပြီးစလွယ် ရေမွှေးဆွတ်လိုက်တာက လူတော်တော်များများ လုပ်မိနေတဲ့ အမှားပါပဲ။ ဒီလိုလုပ်ခြင်းက ရေမွှေးများမှာ ပါဝင်တတ်သော အဆီတွေ ကွီးတို့ရဲ့ အဝတ်အစားများကို စွန်းထင်းနိုင်ပါတယ်။ ဒါ့အပြင် ရေမွှေးရနံ့ကိုလည်း လူ့ခန္ဓာကိုယ်ပေါ်မှာ အပြည့်အဝ မရရှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် အဝတ်အစားများ အပေါ်ကနေ ရေမွှေးဆွတ်ခြင်းကို ရှောင်ရပါမယ်။

ရေမွှေး အလွန်အကျွံဆွတ်ခြင်းကို ရှောင်ပါ

Photo : Thread Curve

ကွီးတို့ရေ ရေမွှေးကို သင့်တင့်မျှတသော ပမာဏဆွတ်တာက လုံလောက်ပါတယ်။ လိုအပ်ပါက အချိန်အနည်းငယ်ကြာမှသာ ထပ်ပြီးအနည်းငယ် ဆွတ်ပါ။ ဒီလိုမဟုတ်ဘဲ ရေမွှေးများများဆွတ်မိရင် ကွီးတို့ကိုယ်တိုင်အတွက်သာမက ကွီးတို့နဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေ အတွက်ပါ ပြင်းလွန်းတဲ့ ရေမွှေးနံ့ကြောင့် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ အသုံးပြုတဲ့ ရေမွှေးရဲ့ ရနံ့ပေါ်မှာ မူတည်ပြီး အနည်းငယ် သို့မဟုတ် လိုအပ်သလောက်သာ အသုံးပြုပါ။

ကွီးတို့အတွက် ညို့အားပြင်းတဲ့ ကိုယ်သင်းရနံ့ ပိုင်ဆိုင်စေဖို့ ရေမွှေးဆွတ်နည်းလေးကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ အထောက်အကူပြုမယ်လို့လည်း မျှော်လင့်ပါတယ်။

Source : Fragrance X

Featured Photo : Full Personal Care