ကွီးတို့အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာ ဂရုစိုက်ဖြစ်ပါသလား။ တစ်ခါတစ်ရံမှာ အမျိုးသားတွေက ကိုယ့်ရဲ့ ညီလေးနဲ့ ပတ်သတ်ပြီး ကျန်းမာရေးကို သိပ်ပြီး အလေးထား ဂရုပြုလေ့ မရှိပါဘူး။ ဒါ့အပြင် ကန့်သတ်ဧရိယာဖြစ်တဲ့အတွက် မူမမှန်တာတစ်ခုခုဖြစ်ခဲ့ရင်လည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ တွန့်ဆုတ်နေတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လိင်တံမကျန်းမာပါက ဘဝရဲ့ အခြားသော ကဏ္ဍများကိုပါ ထိခိုက်စေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးတာ၊ ဆက်ဆံရေး ပြဿနာတွေဖြစ်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့ ညီလေး ကျန်းမာစေဖို့ လိုက်နာရမယ့် အချက်လေးတွေ၊ သတိထားရမယ့် အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ကွီးတို့ ညီလေး ကျန်းမာသန်စွမ်းပြီး စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာဖို့လိုပါတယ်။
Photo : Men’s Health
(၁) လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်တိုင်း ကွန်ဒုံးအသုံးပြုပါ။ ကွန်ဒုံးက လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါများကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
(၂) လိင်ဆက်ဆံတဲ့ ပါတနာ အများကြီးရှိခြင်းက လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါများကို ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ ဒါ့အပြင် အခြားမလိုလားအပ်သော ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားနိုင်တာကြောင့် လိင်ဆက်ဆံဖော် အများကြီးထားရှိခြင်းကို ရှောင်ပါ။
(၃) လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပါ။ အလယ်အလတ် ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ခြင်းက လိင်အင်္ဂါချို့ယွင်းမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုပြီးတိုးတက်စေပါတယ်။
(၄) ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ကျန်းမာသောကိုယ်အလေးချိန်ရှိခြင်းက ကိုလက်စထရော မြင့်မားခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါနဲ့ လိင်အင်္ဂါ မသန်စွမ်းမှု ဖြစ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ပါတယ်။
(၅) လိင်တံနဲ့ အနီးတစ်ဝိုက် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ လိင်တံနဲ့ အနီးတစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးခြင်းမရှိလျှင် အနံ့အသက်ဆိုးများ ထွက်လာနိုင်သည်သာမက ဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
(၆) စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အခြားသော စိတ်ကျန်းမာရေးအခြေအနေများက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအပေါ်မှာ သိသိသာသာ သပ်ရောက်နိုင်ပါတယ်။
(၇) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းက ရောဂါများစွာကို ဖြစ်ပွားစေသည်သာမက လိင်အင်္ဂါ ချို့ယွင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက လိင်တံဆီသို့ သွေးစီးဆင်းတဲ့ သွေးကြောများအတွင်း ဆေးလိပ်ငွေ့အမှုန်အမွှားများ ရောက်ရှိစေတာကြောင့် လိင်တံအရွယ်အစားကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။
ဆရာဝန်နဲ့ ပြသဖို့ မရှက်ပါနဲ့
Photo : Ohman
ကွီးတို့ရေ အပေါ်မှာ ဖော်ပြပေးလိုက်တဲ့အချက် (၇) ချက်က ကွီးတို့ ညီလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီအချက်တွေကို လိုက်နာကျင့်သုံးနေပါလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် လိင်တံနဲ့ ပတ်သတ်တွေ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ လိင်တံမူမမှန်တာ၊ နာကျင်မှုတစ်ခုခုကို ခံစားရတာ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိတာ စတာတွေကို ကြုံတွေ့ခံစားရတယ်ဆိုပါက သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ ရှက်ရွံ့စိတ်ကြောင့် အချိန်မှီမပြသမိဘဲ ဆိုးဝါးတဲ့ အခြေအနေထိရောက်ရှိသွားမျိုး မဖြစ်ပါစေနဲ့။
Source : Mayo Clinic
Featured Photo : Advanced Urology