တစ်ခါတစ်ရံမှာ ကွီးတို့ရဲ့ ညီလေး က မခံမရပ်နိုင်အောင် ယား ယံတတ်ပါတယ်။ ဒီလိုမျိုး ယားယံရခြင်း အကြောင်းအရင်းများကလည်း မျိုးစုံရှိပါတယ်။ ယားယံရခြင်း အကြောင်းအရင်းပေါ် မူတည်ပြီး ကုသရမယ့် ကုသနည်းများသည်လည်း ပြောင်းလဲသွားတတ်ပါတယ်။
အရင်ဦးဆုံး ကွီးတို့ရဲ့ ညီလေး က ဘာ့ကြောင့် မခံမရပ်နိုင်အောင် ယား ယံရသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
ဖွားဖက်တော် ယားယံရခြင်း အကြောင်းအရင်းများ
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကြောင့်သော်လည်းကောင်း၊ အရေပြား ဓာတ်မတည့်ခြင်းကြောင့်သော်လည်းကောင်း ကွီးတို့ရဲ့ ဖွားဖက်တော်က ယားယံတတ်ပါတယ်။ ဒါ့အပြင် ဂျုတ်နဲ့ ရိပ်တဲ့အခါမှာလည်း ဘလိတ်ဓားရှရာကြောင့်လည်း ယားယံတတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးကြောင့် ဖြစ်တတ်သလဲဆိုရင် ကွီးတို့က ဖွားဖက်တော်ရဲ့ အမွှေးအမျှင်များကို အလျင်စလိုရိတ်တဲ့အခါ (သို့) Shaving Foam မသုံးဘဲ ရိတ်တဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ သန်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဖွားဖက်တော်ရဲ့ ဆံပင်တွေပေါ်မှာလည်း သန်းတွေ တွယ်ကပ်တတ်ပါတယ်။ ကိုယ်တိုင်က တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ သန်းရှိထားတဲ့ အခြားတစ်ယောက်နဲ့ ခန္ဓာကိုယ် ထိကပ်မှုရှိခြင်းကနေတဆင့် ကူးစက်တတ်ပါသေးတယ်။ သန်းကြောင့် ယားယံပြီး ကုတ်ဖဲ့ခြင်းကနေ ဖွားဖက်တော် အရေပြား ပွန်းပဲ့ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
နောက်ထပ် အကြောင်းအရင်းတစ်ချက်ကတော့ အမွှးအမျှင်များ ရိတ်ပြီးတော့ ပြန်ပေါက်လာတဲ့ ငုတ်တို Ingrown Hair များကြောင့်လည်း ယားယံတတ်ပါတယ်။
အိမ်တွင်း ကုသနည်း အမျိုးမျိုး
အိမ်တွင်း ကုသနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။
ပထမတစ်နည်းကတော့ ရေခဲထုပ် ကပ်ပေးတာဖြစ်ပါတယ်။ အေးတဲ့အရာတစ်ခုခု တင်ထားပေးခြင်းအားဖြင့် ယားယံခြင်းကို လျော့ချေပေးနိုင်ပါတယ်။
နောက်ထပ် တစ်ချက်ကတော့ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်တန့်ထားရမှာဖြစ်ပါတယ်။ ဒီလိုရပ်တန့်ထားခြင်းအားဖြင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။
နောက်ထပ်တစ်နည်းကတော့ အုန်းဆီ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ယားယံနေတဲ့ နေရာတစ်ဝိုက်ပေါ်သို့ အုန်းဆီလေး လိမ်းကျံပေးလိုက်ပါ။ ယားယံခြင်းကို သက်သာသွားစေပြီး အရေပြား ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။
ဆားရေဖြင့် ရေချိုးပါ။ ဆားရေဖြင့် ရေချိုးခြင်းသည် အရေပြား ယားယံခြင်းနှင့် ရောင်ရမ်းမှုတို့ကို လျော့ချပေးနိုင်တယ်လို့ သုတေသနလေ့လာချက်များအရ သိရှိရပါတယ်။
နောက်ဆုံးတစ်နည်းကတော့ ပန်းသီးရှာလကာရည်အပျော့စား အသုံးပြုရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းက အချို့လူတွေအတွက်တော့ အသုံးတည့်ပါတယ်။ ဒါပေမဲ့ တချို့တွေကျတော့ အခန့်မသင့်ရင် ပိုမိုယားယံသွားစေတတ်တာကြောင့် ဒီနည်းလမ်းကိုတော့ သိပ်အားမပေးပါဘူး။
လိုက်နာရမယ့် အခြား အချက်များ
- ရေမွှေးဆပ်ပြာလိုမျိုး အနံ့ပြင်းတဲ့ဆပ်ပြာများနှင့် ဖွားဖက်တော်ကို ပွတ်တိုက်ခြင်းမှ ရှောင်ကြဥ်ပါ။
- ရေမှန်မှန်ချိုးပြီး တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါစေ။
- လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုပါ။
- အမွှေးအမျှင်များ ရိတ်တဲ့အခါ Shaving Cream အသုံးပြုပါ။
ဘယ်အချိန်မှာ ဆရာဝန်ထံ သွားပြရမလဲ
စောစောက ဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပေမယ့် ယားယံခြင်းက တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာတဲ့အခါ၊ ပုံမှန်မဟုတ်တဲ့ အကျိအချွဲများ ထွက်ရှိလာတာ၊ နာကျင်မှုကိုပါ တစ်ပြိုင်နက်တည်း ခံစားရတဲ့အခါမျိုးမှာ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။ ထိုအချိန်မျိုးမှာတော့ တစ်ယောက်တည်း လက်တည့်မစမ်းသင့်တော့ဘဲ အမြန်ဆုံး ဆရာဝန်ထံ ပြေးသင့်ပါတယ်။
ကွီးတို့ရဲ့ ညီလေး ရော မခံမရပ်နိုင်အောင် ယား ယံတဲ့ အခြေအနေမျိုးကို ကြုံဖူးပါသလား။ ထိုအခြေအနေမျိုးမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းလေ့ ရှိပါသလဲ။
Source: Medicalnewstoday
Featured Image: Manmatters