ကျွန်တော်တို့ အမျိုးသားတွေရဲ့ မွေးရာပါ ညီလေး (ဖွားဘက်တော်) မှာ ယားယံမှုတွေ ခံစားနေရချိန် တော်တော်လေး နေမထိထိုင်မသာ အောင့်သီးအောင့်သက် ခံစားချက် ဖြစ်ရပါတယ်။ ဒီလိုအခြေအနေမှာ ချစ်တင်းနှောဖို့ ရယ်ဒီဖြစ်ပါ့မလား မေးစရာရှိပါတယ် ? တကယ်တော့ ဖွားဘက်တော် ယားယံနေချိန် အိပ်ရာပေါ်မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြနိုင်မှာမဟုတ်သလို အခက်မသင့်ရင် အမျိုးသားအင်္ဂါကို ရောင်ရမ်းစေတာ ၊ အတူနေစဉ်အတွင်းမှာ နာကျင်မှုခံစားရစေတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေပင် ဖြစ်နိုင်ပါတယ်။

ညီလေး ကို ယားယံစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အမျိုးသား အင်္ဂါပိုးဝင်ခြင်း ၊ STDs ရောဂါတွေ ခံစားနေရခြင်း ၊ မှိုနဲ့ အင်းစက်ပိုးမွှားတွေ စွဲကပ်ခံရခြင်း ၊ Psoriasis (ဆိုရီယေးစစ်) လို့ခေါ်တဲ့ အရေပြားပြဿနာ ကြုံတွေ့ရခြင်း ၊ အရေပြားရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေဟာ သူ့အလိုလိုပျောက်ကင်းသွားမှာမဟုတ်ပဲ သေချာဆေးကုသမှု ခံယူဖို့ လိုပါတယ်။

Penis Itches

Photo : Netdoctor

ညီလေးယားယံနေချိန်မှာ ချစ်တင်းနှောသင့်လား ???

ညီလေး ယားယံနေချိန်မှာ ချစ်တင်းနှောသင့်လား ? ဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ လုံးဝနိုးပါပဲ။ ဆက်ဆံလို့မရတာ မဟုတ်ပေမယ့် မဆက်ဆံသင့်တဲ့ အခြေအနေပါ။ ဘာလို့ဆို အဆိုပါ ယားယံမှုအခြေအနေဟာ ကွီးတို့ရဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် အနှောက်အယှက်ဖြစ်စေမှာ ဖြစ်သလို ရောဂါပိုးဟာ ကိုယ့်ရဲ့ဆက်ဆံဖော် ပါတနာစီကိုလည်း ကူးစက်နိုင်ခြေ ရှိပြီး ဆက်ဆံသူနှစ်ဦးကြားမှာ အပြန်အလှန် ကူးစက်နိုင်ပါတယ်။

ဒါကြောင့် အရင်ဆုံး ကွီးတို့ရဲ့ ဖွားဘက်တော် ညီလေးမှာ ယားယံတာ နှစ်ရက် သို့မဟုတ် သုံးရက်ထက်ပိုပြီး ခံစားနေရတယ်ဆိုရင် နားလည်တက်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ဆီးလမ်းကြောင်း အထူးကုဆရာဝန်နဲ့ သေချာဆေးစစ်ကုသမှု ခံယူဖို့ အရင်ဆုံး လုပ်သင့်ပါတယ်။

များသောအားဖြင့် မျိုးပွားအင်္ဂါ ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းတွေကို ကုသဖို့ ထိရောက်သော ပဋိဇီဝလိမ်းဆေး ခရမ်င်တွေ ရှိပါတယ်။ ရောဂါလက္ခဏာ ခဏတာသက်သာသွားတယ်ဆိုရင်တောင် လိင်မှုကိစ္စ လှုပ်ရှားမှုတွေကို ချက်ချင်းဆောင်ရွက်တာမျိုး မလုပ်သင့်ပဲ ရောဂါပိုးပြန်မထလာတာ သေချာအောင် ကုသမှုပြည့်ပြည့်ဝဝ ခံယူပြီးတဲ့အထိ စောင့်သင့်ပါတယ်။

အကယ်၍ ညီလေး ယားယံနေချိန်မှာ ကွန်ဒုံးဝတ်ဆင်ပြီး အတူနေမယ်ဆိုပါလည်း ကွန်ဒုံးရဲ့ ရာဘာက ယားယံမှုကို ပိုဆိုးစေပြီး မျိုးပွားအင်္ဂါကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေအတွင်းမှာ ချစ်တင်းနှောတာ ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ခဏတာရှောင်နေတာ အကောင်းဆုံးပါ။

Penis Itches

Photo : Healthline

တစ်ချိန်တည်းမှာပဲ ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် ကွီးတို့ရဲ့ ဖွားဘက်တော်ကို သန့်ရှင်းအောင် ထားပေးဖို့လည်း လိုပါတယ်။ မျိုးပွားအင်္ဂါ ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းတွေကို လျော့ကျသက်သာစေနိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။

ချည်သားအတွင်းခံနဲ့ ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ဆင်ပါ။ အတွင်းခံဘောင်းဘီကို အနည်းဆုံး ၂၄ နာရီ တစ်ကြိမ် အသစ်တစ်ထည်ပြောင်းလဲ ဝတ်ဆင်ပါ။

မျိုးပွားအင်္ဂါ တဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ဆပ်ပြာအပျော့စားကို အသုံးပြုပြီးကောင်းစွာဆေးကြော သန့်စင်ပေးလို့ ရပါတယ်။

အတွင်းခံဘောင်းဘီတွေကို လျှော်ဖွတ်တဲ့အခါ အနံ့ပြင်းပြင်းပါတဲ့ အဝတ်လျှော်ဆပ်ပြာတွေအစား အပျော့စား ဆပ်ပြာဆီ ၊ ဆပ်ပြာမှုန့်တွေကို သုံးပေးပါ။

ကောင်းမွန်စွာခြောက်သွေ့မှုမရှိတဲ့ ဘောင်းဘီတွေ ၊ စိုထိုင်းနေတဲ့ အဝတ်အစားကို အချိန်ကြာရှည်စွာ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

သင့်နဲ့ သင့်ပါတနာကြား ရောဂါပိုးအပြန်အလှန်ကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ ညီလေး ယားယံနေစဉ်အတွင်း အတူနေခြင်းကို ရှောင်ပါ။

မျိုးပွားအင်္ဂါ ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းတွေ သက်သာသွားသည်တိုင် အကာအကွယ်မဲ့ဆက်ဆံခြင်းကို မပြုလုပ်ပါနဲ့။ ၎င်းအခြေအနေတွေဟာ ထပ်တလဲလဲ ပြန်ဖြစ်နိုင်သလို ရောဂါပိုး ကူးစက်နိုင်ခြေကို တိုးစေနိုင်တယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။

Featured Photo : Healthgrades