မျက်နှာအရေပြားပေါ်မှာ ဝက်ခြံပေါက်သလိုပါပဲ အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး မှာလည်း ဝက်ခြံ ပေါက်လေ့ပေါက်ထ ရှိပါတယ်။ မျက်နှာအရေပြားပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေဟာ အဆီဂလင်းတွေ ၊ အရေပြား ဆဲလ်သေတွေနဲ့ အခြားအညစ်အကြေးတွေ အရေပြားပေါ်မှာ ပိတ်ဆို့ရာကနေ ဝက်ခြံတွေ ဖြစ်လာတာပါ။ ဝက်ခြံဟာ ခန္ဓာကိုယ်ရဲ့ အရေပြား ဘယ်နေရာမှာမဆို ပေါက်နိုင်ပြီး ကန့်သတ်ဧရိယာ လိင်အင်္ဂါတဝိုက်မှာလည်း ပေါက်နိုင်ပါတယ်။ သို့သော် လိင်အင်္ဂါတဝိုက်က ဝက်ခြံနဲ့ အဖုအပိန့်တွေဟာ တစ်ခါတစ်ရံမှာ လိင်ကနေ တစ်ဆင့် ကူးစက်တက်တဲ့ ရောဂါ (STDs) ကဲ့သို့ အခြားသော အခြေအနေတွေရဲ့ လက္ခဏာတွေနဲ့ ဆင်တူနိုင်တာကြောင့် လိင်တံပေါ် သို့မဟုတ် လိင်တံအနီးတစ်ဝိုက်က အပုအပိန့်တွေနဲ့ ပတ်သတ်ပြီး ဆက်လက် ကြီးထွားခြင်းရှိမရှိကို သိရှိစေဖို့ သေချာလေးစောင့်ကြည့် စစ်ဆေးရပါမယ်။

သိထားရမယ့် STD ရဲ့ လက္ခဏာများ

Pimple On The Penis
Photo : MedicalNewsToday

ဖွားဖက်တော် ညီလေး မှာပေါက်တဲ့ ဝက်ခြံတွေဟာ သေးငယ်ပြီး အဝိုင်းပုံသဏ္ဌာန် အဖုအပိန့်လေးတွေ ဖြစ်ပါတယ်။ အဖုလေးတွေရဲ့ အောက်ခြေဟာ များသောအားဖြင့် အနီရောင် သို့မဟုတ် အသားရောင် ခပ်လွှမ်းလွှမ်း ရှိပါတယ်။ ဝက်ခြံရဲ့ ထိပ်ဖျားပိုင်းကတော့ အဖြူရောင် သို့မဟုတ် အနက်ရောင် အဆံလေးတွေကို မြင်တွေ့ရမှာပါ။ ဝက်ခြံ ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေကတော့ ခပ်ကျပ်ကျပ် ဘောင်းဘီနဲ့ အတွင်းခံတွေ ဝတ်ဆင်ခြင်း ၊ လိင်တံတဝိုက်မှာ စိုထိုင်းဆများခြင်း ၊ ချွေးအလွန်အကျွံ ထွက်ခြင်း ၊ ကန့်သတ်ဧရိယာ အမွှေးအမျှင်တွေ ရိတ်ခြင်း ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းနဲ့ အဆီပြန်တဲ့ အသားအရေ ရှိခြင်း စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကို သိထားခြင်းဖြင့် လိင်တံတဝိုက်မှာ ပေါက်လေ့ပေါက်ထရှိတဲ့ ဝက်ခြံတွေကို သာမန် ဝက်ခြံဟုတ်မဟုတ် ဆိုတာ ကွဲပြားစွာ ခွဲခြား သိရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ အထက်ပါ အချက်တွေထဲက ကွဲထွက်နေတယ်ဆိုရင်တော့ STD ရဲ့ လက္ခဏာ ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးရတော့မှာပါ။ STD ဟာ လူတစ်ဦးတစ်ယောက်ရဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိ လက္ခဏာတွေနဲ့ အခြားသော ရောဂါလက္ခဏာတွေကို ပြတက်ပါတယ်။ အောက်မှာဆက်လက်ပြီး ဝက်ခြံ လို့ အထင်မှားနိုင်တဲ့ STDs ၃ မျိုးရဲ့ရောဂါလက္ခဏာတွေကို ဖော်ပြပေးပါမယ်။

Pimple On The Penis
Photo : Men’s Health

လိင်အင်္ဂါကြွက်နို့ – လိင်အင်္ဂါကြွက်နို့ရဲ့ အဓိကလက္ခဏာတွေကတော့ လိင်တံ သို့မဟုတ် လိင်တံထိပ်ဖူးပေါ်မျှာ အသားရောင်ခပ်ဖျော့ဖျော့ အဖုသေးသေးလေးတွေ ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရဲ့ ပုံသဏ္ဍာန်ဟာ ရိုးရိုးဝက်ခြံလို့ ထင်မှတ်မှားနိုင်ပေမယ့် အဓိကကွဲပြားစေတာကတော့ ကြွက်နို့ရဲ့ ထိပ်ဖျားပိုင်းဟာ ပန်းဂေါ်ဖီပုံသဏ္ဍာန်ရှိပြီး အရွယ်အစားအားဖြင့်လည်း ဝက်ခြံထက် ကြီးပါတယ်။ လိင်အင်္ဂါ ကြွက်နို့ဟာ ကပ်ပယ်အိတ် သို့မဟုတ် ပေါင်အတွင်းပိုင်း ကဲ့သို့ လိင်တံအနီးတစ်ဝိုက် နေရာတွေမှာလည်း ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ လိင်အင်္ဂါကြွက်နို့တွေဟာ အချိန်တစ်ခုအတွင်း သူ့အလိုလို ပျောက်ကင်းသွားနိုင်ခြေရှိသော်လည်း လိမ်းဆေး သို့မဟုတ် အအေး/အပူ ကုထုံးတွေနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်။

လိင်အင်္ဂါရေယုန် – လိင်အင်္ဂါရေယုန်တွေ ဟာလည်း အလားတူပါပဲ။ ဖွားဖက်တော် ညီလေး သို့မဟုတ် လိင်တံ အနီးတစ်ဝိုက်မှာ အနီရောင်အဖုအပိမ့်တွေကကို ဖြစ်ပေါ်စေပြီး အဖုတွေရဲ့ ထိပ်ဖျားပိုင်းဟာ မီးခိုးရောင် ခပ်ဖျော့ဖျော့ အရည်ကြည်ဖု ပုံသဏ္ဍာန်ရှိပါတယ်။ လိင်အင်္ဂါရေယုန်ဟာ အရေပြားပေါ်မှာ ယားယံတာ ၊ စပ်ဖျင်းဖျင်း ဖြစ်တာစတဲ့ မသက်မသာခံစားမှုတွေကကို ခံစားရစေနိုင်ဖြစ်ပြီး စအိုနဲ့ လိင်တံဧရိယာတဝိုက်ကို ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိပါတယ်။ အရည်ကြည်ဖုတွေ ပေါက်သွားရင်တော့ အဖုအပိန်တွေရဲ့ထိပ်ပိုင်းမှာ အရည်တွေစိမ့်ထွက်ပြီး စိုစိစိ ဖြစ်နေတက်ပါတယ်။ လိင်အင်္ဂါရေယုန်ဟာ လိင်တံတဝိုက်မှာသာမက ပါးစပ် သို့မဟုတ် နှုတ်ခမ်းတဝိုက်မှာလည်း ပေါက်နိုင်ပါတယ်။

ဆစ်ဖလစ် – နောက်ဆုံး ဝက်ခြံ လို့ အထင်မှားနိုင်တဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေထဲက တစ်ခုကတော့ ဆစ်ဖလစ်ပါ။ လိင်တံပေါ်နဲ့ လိင်တံအနီးတဝိုက်မှာ အဖြူရောင် သို့မဟုတ် အနီရောင် နာကျင်မှုမရှိတဲ့ အဖုအပိန့် အနာတွေ ထွက်ပေါ်နေတာဟာ ဆစ်ဖလစ်ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဆစ်ဖလစ်ဖြစ်နေပြီဆိုရင် ဘက်တီးရီးယားပိုးဝင်တဲ့ အခြေအနေကို ဖြစ်စေနိုင်ပြီး မကုသပဲထားပါက ဆိုးရွားပြီး အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဆစ်ဖလစ်ကို ပဋိဇီဝဆေးတွေနဲ့ ကုသလေ့ရှိပြီး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်ရဲ့ စစ်းဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

Source : MedicalNewsToday

Featured Photo : MEL Magazine