တစ်ကိုယ်ကောင်းဆန် တယ်ဆိုတာကတော့ ဘယ်နေရာကမှ မကောင်းပါဘူး။ အထူးသဖြင့် လိင်ကိစ္စနဲ့ ပတ်သက်လာတဲ့အခါ နှစ်ယောက်သားက အပေးအယူ မျှမနေဘဲ ကွီးတို့က တစ်ကိုယ်ကောင်းဆန် ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့သူဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးကလည်း အချိန်ကြာလာတဲ့အခါ ငြိုငြင်လာမှာ အမှန်ပါပဲ။
ကွီးတို့ရော ဖဲမွေ့ရာထက်မှာ နှစ်ဦးသား ပျော်မြူးကြတဲ့အခါ ကိုယ့်ရှော်တီလေးရဲ့ ဆန္ဒကို ဦးစားပေးရဲ့လား။ ဒါမှမဟုတ် ကိုယ့် တစ်ယောက်တည်း အဆင်ပြေရင် ပြီးရော၊ တစ်ဖက်က ဘယ်လိုဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုပြီး မျက်စိစုံမှိတ်ထားတတ်သလား။
အခုဖော်ပြမယ့် မေးခွန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့က ဘယ်လိုဘီးကျဲတစ်ဗွေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိသွားပါလိမ့်မယ်။
(၁) ကိုယ့်ရဲ့ ပါတနာ စိတ်ကြွလာအောင် မလုပ်ဘဲ ကိုယ့်ဆန္ဒတစ်ခုတည်းကိုပဲ ရှေ့တန်းတင်နေသလား
ဖဲမွေ့ရာထက်မှာ ပျော်မြူးဖို့ဆိုရင် နှစ်ဦးသားစလုံး စိတ်ပါလက်ပါရှိဖို့လိုအပ်ပါတယ်။ တစ်ယောက်က စိတ်မပါဘဲ အခြားတစ်ယောက်က အတင်းအကြပ် ရယူဖို့ ကြိုးစားတဲ့အခါ အလိုမတူဘဲ ကျူးလွန်ရာ ကျပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကွီးတို့အနေနဲ့ ကိုယ် စိတ်ပါနေချိန်မှာ ကိုယ့်ကောင်မလေးလည်း စိတ်ပါလာအောင် ပွတ်သီးပွတ်သပ်လုပ်ကာ စိတ်ပါလာအောင် လှုံ့ဆော်ဖို့ လိုအပ်ပါတယ်။ သူ(မ) စိတ်ပါလာအောင် မလှုံ့ဆော်ဘဲ ကိုယ့်တစ်ယောက်တည်းရဲ့ ဆန္ဒကိုပဲ ရှေ့တန်းတင်ရင်တော့ ကွီးတို့က တစ်ကိုယ်ကောင်းဆန်တဲ့ ဘီးကျဲကြီးဆိုတာ သေချာပါတယ်။
(၂) ကိုယ့်ကိစ္စပြီးရင် ပြီးရော ကိုယ့်ပါတနာကို ပစ်ထားတတ်သလား
ကိုယ့်ဘက်က ကိစ္စပြီးသွားရင် ပြီးရော၊ တစ်ဖက်သားက ပြီးမြောက်ချင်ပြီးမြောက် မပြီးမြောက်ချင် နေပါစေ ဆိုပြီး ပစ်ထားတတ်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးက ကွီးတို့ကို အချိန်ကြာလာတဲ့အခါ ငြိုငြင်သွားမှာ အမှန်ပါပဲ။ နှစ်ဦးသားစလုံး ပြိုင်တူပြီးမြောက်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲနဲ့ ကိုယ်က ပြီးမြောက်သွားချိန်မှာ ကိုယ့်ရှော်တီလေးက မပြီးမြောက်သေးဘူးဆိုရင် နည်းလမ်းတစ်ခုခုကို စဥ်းစားပေးဖို့ လိုအပ်ပါပြီ။ ဒါမှသာ သူလည်း ကြည်နူးမှုကို ခံစားရမှာဖြစ်ပါတယ်။
(၃) ကိုယ့်ပါတနာရဲ့ အကြိုက်ကိုရော မေးဖူးရဲ့လား
ကိုယ့်ရှော်တီလေးက အကြမ်းပတမ်းမျိုးကို ကြိုက်တာလား၊ နုနုရွရွလေးကို ကြိုက်နှစ်သက်သလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက်ကို သိထားမှ နှစ်ဦးသားစလုံး အပေးအယူမျှမှာမဟုတ်လား။ နို့မဟုတ်ရင်တော့ နှစ်ယောက်သားက အပေါက်အလမ်း တည့်မှာမဟုတ်ဘဲ ရေရှည်မှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
(၄) သူ(မ)ကို အဆင်သင့်ဖြစ်အောင်လို့ အချိန်ပေးဖူးရဲ့လား
သူ(မ)ဘက်က အဆင်သင့်ဖြစ်အောင် မစောင့်ဘဲ ကိုယ့်ရဲ့ အလိုဆန္ဒတစ်ခုတည်းကိုပဲ ရှေ့တန်းတင်ကာ သူ(မ)ရဲ့ ဆန္ဒမပါဘဲ ရယူဖို့ မစဥ်းစားပါနဲ့။ ဒီလိုကိစ္စမျိုးတွေဆိုတာသည် ကျနော်တို့ နိုင်ငံမှာဆိုရင် ယဥ်ကျေးမှုတွေနဲ့ ချုပ်နှောင်ထားတဲ့ အရာတစ်ခုဖြစ်ပြီး အထိအခိုက်မခံတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က ဘယ်လောက်ပဲ စိတ်ဆန္ဒ ပြင်းထန်နေပါစေ ကိုယ့်ရှော်တီလေးကို စောင့်ဖို့ လိုအပ်ပါတယ်။ သူ(မ) အဆင်သင့်ဖြစ်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီးမှသာလျှင် နှစ်ဦးသဘောတူ လုပ်ဆောင်တာ အကောင်းဆုံးပါပဲ။
(၅) သူ(မ)ကိုရော ချီးမွမ်းဖူးရဲ့လား
ဖဲမွေ့ရာထက်မှာ နှစ်ဦးသား ပျော်မြူးနေချိန်မှာ ကွီးတို့ ရှော်တီက ကွီးတို့ကို အစွမ်းကုန် ပြုစုယုယပေးမှာပါပဲ။ သူ(မ)ရဲ့ အပြုစု အယုယတွေ ခံပြီးတဲ့နောက်မှာ သူ(မ)ကိုရော ချီးမွမ်းဖူးရဲ့လား။ အာရုံ ခံစားမှုတွေ အထွပ်အထိပ် ရောက်နေချိန်မှာ ကိုယ့်ရဲ့ နှုတ်ဖျားကနေ သူ(မ)ကို ချီးမွမ်းပေးဖို့ လိုအပ်ပြီး နှစ်ဦးသားစလုံး ပြီးမြောက်တဲ့အခါ နှစ်ကိုယ်ကြား တီးတိုးပြောချိန်မှာလည်း ချီးမွမ်းပေးဖို့ လိုအပ်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့က ကိုယ့်ရှော်တီလေးကို ဦးစားပေးတဲ့လူလား၊ ကိုယ့်စိတ်ဆန္ဒကိုသာ ရှေ့တန်းတင်တဲ့လူလားဆိုတာ သိသွားလောက်ပြီပေါ့။
Source: Tiege
Featured Image: Freepik