တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီး လူပြောများတဲ့ ဒဏ္ဍာရီတွေ အများကြီးရှိပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက မကောင်းတဲ့ ကိစ္စတစ်ခု ၊ ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ် စသည်ဖြင့်ပေါ့။ ဒီလို မမှန်မကန်တဲ့ အချက်အလက်တွေကို လူတွေကြားမှာ ထင်မှတ်မှား ယုံကြည်နေတာဟာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ ဒီဆောင်းပါးမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆတွေ ၊ ယုံမှတ်မှားနေတဲ့ ဒဏ္ဍာရီတွေအကြောင်း ပြောပြပေးပါမယ်။
(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းက အပြစ်ဖြစ်စေတယ်
Photo : Surrogacy Centre India
ဒါကတော့ ဘာသာရေး ကန့်သတ်ချက် သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဒဏ္ဍာရီတစ်ခုပါ။ တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ညစ်ပတ်တဲ့ ကိစ္စတစ်ခု မဟုတ်သလို အပြစ်ဖြစ်စေမှာလည်း မဟုတ်ပါဘူး။ ပုံမှန်ကျန်းမာတဲ့ လိင်မှုဘဝ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။
(၂) ဝက်ခြံထွက်စေတယ်
Photo : Oprah Daily
ဝက်ခြံဆိုတာ အဓိကအားဖြင့် ဟော်မုန်းပြောင်းလဲမှု ၊ မျိုးရိုးဗီဇ ၊ အစားအသောက်နဲ့ အသားအရေ ထိန်းသိမ်းမှု ပုံစံတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အရေပြားပြဿနာ တစ်ခုပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ဝက်ခြံပြဿနာဟာ တိုက်ရိုက်သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ တကယ်က ဆယ်ကျော်သက်အရွယ်က စတင်ပြီး ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံတွေ စထွက်လာတာဖြသ်ပြီး တစ်ကိုယ်ရည် အာသာဖြေလို့ ဝက်ခြံထွက်တယ် ဆိုတာကတော့ ယုံမှတ်မှားနေတဲ့ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပါတယ်။
(၃) လိင်မှုဘဝ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်
Photo : Medium
တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေတာဟာ မိမိခန္ဓာကိုယ်ကို စူးစမ်းလေ့လာခြင်း တစ်မျိုးပါ။ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာ နှစ်သက်မှုတွေ ၊ စိတ်ဆန္ဒတွေအကြောင်းကို ပိုမိုနားလည်သိရှိနိုင်စေသလို အိပ်ရာထက်မှာ ကိုယ့်ပါတနာနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရာမှာ ကြီးမားတဲ့ အကူအညီကိုဖြစ်စေပြီး ပိုမိုပြည့်စုံတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံတစ်ခုကို ရရှိခံစားစေနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လိင်မှုဘဝအပေါ် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်သလို အရပ်ထဲမှာ ပြောနေသလို မျိုးပွားမှုနှုန်းကို ကျဆင်းစေတယ် ၊ ကလေးရဖို့ခက်ခဲစေတယ်ဆိုတဲ့ စကားတွေဟာလည်း အမှန်မဟုတ်ပါဘူး။
(၄) တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ တစ်ကိုယ်တည်းသမားတွေ အတွက်သာဖြစ်တယ်
Photo : My Fit Brain
လက်တွဲဖော် ပါတနာပဲ ရှိရှိ ၊ တစ်ကိုယ်တည်း Single သမားတွေပဲ ဖြစ်ဖြစ် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကွီးတို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် ကျန်းမာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ လိင်စိတ်ကျေနပ်သာယာကို ခံစားရစေခြင်း ၊ စိတ်ဖိစီးမှုတွေ ပြေပျောက်စေခြင်း ၊ ကောင်းမွန်စွာ အိပ်ပျော်စေခြင်းစတဲ့ ကောင်းကျိုးတွေကို တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ ရရှိနိုင်ပြီး သင့်ကိုယ်သင် ပျော်ရွှင်မှု ခံစားရစေဖို့အတွက် ကူညီပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။
Source : HANX
Featured Photo : Therapist Pages