Laptop အသစ်တွေ ဈေးမြောက်လွန်းလို့ ဘတ်ဂျက်ကျတဲ့ တစ်ပတ်ရစ် Laptop တွေ ဝယ်တာက အိုင်ဒီယာကောင်းတစ်ခုဆိုတာ ငြင်းစရာ မရှိပါဘူး။ လုပ်စရာအလုပ်တွေကို ကောင်းကောင်းလုပ်ဆောင်နိုင်အောင် အသုံးခံတဲ့ Fully Functional Laptop ဖြစ်ရင် ဈေးသင့်တင့်နဲ့ အဆင်ပြေပြေ သုံးလို့ ရလို့ တန်တယ်လို့ ပြောနိုင်ပါတယ်။ တစ်ဖက်မှာလည်း သုံးပြီးသား တစ်ပတ်ရစ် Laptop ဝယ်တာမျိုးက နည်းနည်းတော့ စွန့်စားရပါတယ်။ ပစ္စည်းသစ် ဝယ်ရင်တောင် သေချာစစ်ရဆေးရတာတွေ ရှိတာကြောင့် တစ်ပတ်ရစ် Used Laptop ဝယ်မယ်ဆိုရင် သေချာလေး စစ်ဆေးဖို့က မဖြစ်မနေ လိုတာပါပဲ။ ဒါကြောင့် တစ်ပတ်ရစ် Laptop တစ်လုံး ဝယ်မယ်ဆိုရင် သိသင့်တာလေးတွေ မျှဝေပေးလိုက်ရပါတယ်။

(၁) သေချာတဲ့ နေရာက ဝယ်ပါ

laptop buying

Photo : Pexels

အွန်လိုင်းကနေပဲ ဝယ်ဝယ် ၊ အပြင်ဆိုင်ကနေပဲ ဝယ်ဝယ် ၊ သုံးတဲ့ Users ချင်း ချိတ်ပြီးပဲ ဝယ်ဝယ် စိတ်ချရတဲ့ နေရာက ဝယ်ဖို့ လိုပါတယ်။ အွန်လိုင်းမှာ နာမည်ရပြီးသား eCommerce ပလက်ဖောင်းတွေကနေ ဝယ်တာမျိုးဖြစ်ဖြစ် Review ကောင်းတဲ့ Second ဆိုင်ကနေ ဝယ်တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ သုံးတဲ့ Users ချင်းဆိုရင်လည်း ကိုယ်နဲ့ နီးစပ်တဲ့ အသိတစ်ယောက်ယောက်နဲ့ အချိတ်အဆက်ရှိတဲ့ ပစ္စည်းမျိုး ဝယ်ရတာဆိုရင် စိတ်ချရတာ များပါတယ်။

(၂) Laptop ကို စစ်ဆေးပါ

macbook

Photo : Pexels

Laptop တစ်လုံးမှာ စစ်ဆေးစရာ နေရာတွေ အများကြီး ရှိပါတယ်။ အရင်ဆုံး Body Frame တွေ တောင့်ရဲ့လား ၊ အက်နေ/ကျိုးနေ/ဆိုးဆိုးဝါးဝါးထိထားတာတွေ ရှိသလား ၊ ဝက်အူ Screws တွေ စုံရဲ့လား ၊ ပတ္တာ Hinges တွေ ကောင်းရဲ့လား ၊ တခြား မူမမှန်တာတွေ ရှိသေးလားကြည့်ပါ။

နောက်တစ်ခုက Screen အခြေအနေ စစ်ပါ။ Screen က အရောင်မှန်ရဲ့လား ၊ Brightness အထွက်ကောင်းရဲ့လား ၊ ကာလာပေါက်နေတာတွေ ရှိသလား ၊ မှန်ထိထားသလား စစ်ပါ။ ဒါပြီးရင်တော့ ကီးဘုတ်နဲ့ TrackPad တွေ စုံအောင် အလုပ်လုပ်သလား စမ်းကြည့်ပါ။ နောက်တစ်ဆင့်က CD/DVD Drive နဲ့ Ports တွေကို စစ်ဖို့ပါ။

နားကြပ်ပေါက် ၊ USB Ports ၊ Ethernet Ports ၊ HDMI ၊ SD Card Slot စသည်ဖြင့် Ports စုံအောင် အလုပ်လုပ်/မလုပ် စစ်ပေးပါ။ တကယ်လို့ ကိုယ့်စက်က DVD Drive တွေ ပါရင် အဲ့ဒီ Drive တွေပါ အလုပ်လုပ်ရဲ့လား ကြည့်ကြည့်ဖို့ လိုပါတယ်။ နောက်ထပ် အရေးကြီးတဲ့ စစ်ဆေးချက်တစ်ခုက WiFi ချိတ်ရမရ ၊ Bluetooth အလုပ် လုပ်/မလုပ် စစ်ဆေးဖို့ပါပဲ။

Laptop တစ်လုံးဟာ Video Conferencing တွေပါ သုံးလို့ ရဖို့ လိုပါတယ်။ ဒါကြောင့် WebCam နဲ့ စပီကာတွေ အဆင်ပြေမပြေ စစ်ဆေးပေးသင့်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဘက်ထရီအားဘယ်လောက် ခံသလဲနဲ့ Battery Health အနေအထား တွေပါ စစ်ဆေးဖို့လိုပါတယ်။ ဒါတွေ ပြီးရင်တော့ အထဲက Specs တွေအရ အဆင်ပြေတယ် ၊ ပေးရတဲ့ဈေးကလည်း သင့်တင့်တယ်ဆိုရင် ဝယ်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : music radio creative