ဒူဘိုင်း ဆိုတာကတော့ အားလုံး သိပြီးသားဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံရဲ့ အထင်ရှားဆုံး မြို့တော်တစ်မြို့ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒူဘိုင်းမြို့တော်ကြီးဟာဆိုရင် မိုးမျှော်တိုက်တွေ ၊ ဇိမ်ခံ လူသုံးကုန် ပစ္စည်းတွေ ၊ ဇိမ်ခံကားတွေ ၊ ထူးခြားဆန်းပြား လူလုပ်ကျွန်းတွေနဲ့ ပြည့်နှက်နေတဲ့ တကယ့်ကိုမှ ဒိတ်ဒိတ်ကြဲ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ၊ ရေနံသူဌေးကြီးတွေ နေထိုင်အခြေချရာ မြို့တော်ပါ။ နေရာတိုင်းမှာ ငွေကြေးကြွယ်ဝချမ်းသာမှုကို ထင်ဟပ်ပေါ်လွင်စေမယ့် ဈေးအကြီးဆုံး ဟိုတယ်တွေ ၊ စားသောက်ဆိုင်တွေ ၊ အနားယူအပန်းဖြေရာ နေရာတွေနဲ့ စူပါကားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အံ့ဩစရာ ကောင်းတာတစ်ခုကတော့ ဒီလို ဘာပဲလုပ်လုပ် ငွေကုန်ကြေးကျများတဲ့ ဒူဘိုင်း မြို့တော်ကြီးမှာ တစ်ပြားမှ မကုန်ပဲ အခမဲ့ လည်ပတ်လို့ရတဲ့ နေရာတွေ ရှိနေတာပါ။ ကဲဒါဆို ဘယ်နေရာတွေ ဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။

(၁) ကုလားအုတ်ပြတိုက်

Camel Museum

Photo : Travel Triangle

ဒူဘိုင်း မှာ အခမဲ့လည်ပတ်လို့ရမယ့် နေရာတွေထဲက တစ်ခုကတော့ Al Shindagha Heritage Village မှာတည်ရှိတဲ့ Camel Museum ပါ။ ဒီပြတိုက်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံမှာရှိတဲ့ ကုလားအုတ်တွေရဲ့ သမိုင်း ၊ ကုလားအုတ်တွေနဲ့ အာရပ်လူမျိုးတွေကြားက ဆက်နွယ်မှု ၊ ကုလားအုတ်ပြိုင်ပွဲတွေနဲ့ ကုလားအုတ်တွေရဲ့ ခန္ဓာဗေဒအကြောင်းတွေကို ခင်းကျင်းပြသ ပေးထားတဲ့အတွက် အခမဲ့ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

(၂) ရေပန်းဥယျာဉ်

Dubai Fountains Display

Photo : Travel Triangle

ညခင်းပိုင်းမှာဆိုရင် Dubai Mall အပြင်ဘက်မှာရှိတဲ့ ရေပန်း အလှတင်ဆက်မှုတွေ အခမဲ့ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ ဂီတသံစဉ် တစ်ခုစီအလိုက် လှုပ်ရှားကခုန်နေတဲ့ ရေပန်းအလှပြ တင်ဆက်မှုတွေဟာ လာရောက်လည်ပတ်သူတွေအတွက်တော့ မျက်စိ ပဿဒဖြစ်ဖွယ်ပါပဲ။

(၃) လေဟာပြင် ကားပြခန်း

Free Car Gazing

Photo : Travel Triangle

ကားပြတိုက်တွေကို လည်ပတ်ဖို့ ပိုက်ဆံ မသုံးချင်ဘူးဆိုရင်တော့ ဒူဘိုင်း မြို့တွင်းမှာ အမိုက်စား ဇိမ်ခံကားတွေကို အခမဲ့ ခင်းကျင်းပြသပေးထားတဲ့ နေရာတွေ ရှိပါတယ်။ ဒီလိုအမိုက်စားကားတွေကို Jumeirah Beach Residence တစ်လျှောက်က နေရာတွေမှာ တွေ့နိုင်ပါတယ်။ ဒေသခံတွေက သူတို့ရဲ့ တန်ဖိုးကြီး ထိပ်တန်းဇိမ်ခံကားတွေကို လာရောက် ခင်းကျင်းပြသကြတာ ဖြစ်ပါတယ်။ အမိုက်စား ကားတွေကို အခမဲ့ကြည့်ရင်း ဈေးတန်းတစ်လျှောက်က စားသောက်ဆိုင်တန်းတွေဆီကိုလည်း လည်ပတ်လို့ ရပါတယ်။

(၄) စိန့်မေရီ ကက်သလစ် ဘုရားကျောင်း

Free Visit To St. Mary’s Catholic Church

Photo : Travel Triangle

စိန့်မေရီ ကက်သလစ် ဘုရားကျောင်းကတော့ ဒူဘိုင်း မြို့မှာ ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်လောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ဒီနေ့အထိ ကက်သလစ် ဘာသာဝင် မျိုးဆက်တွေက ဘုရားကျောင်းကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ရှေးခေတ်ဘုရားကျောင်းတစ်ခုဖြစ်သလို အခမဲ့ဝင်ရောက်နိုင်တဲ့အတွက် အခွင့်သင့်ရင် သွားရောက်လည်ပတ်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၅) ကော်ဖီပြတိုက်

Coffee Museum

Photo : Travel Triangle

ကော်ဖီချစ်သူတိုင်း သွားရောက်သင့်တဲ့ နေရာလေးတစ်ခုပါ။ ဒူဘိုင်း မြို့ ၊ ဗီလာ (၄၄) ၊ အယ်လ်ဖာဟီဒီ သမိုင်းဝင်ရပ်ကွက်မှာ တည်ရှိပါတယ်။ ဒီပြတိုက်မှာက ဝင်ကြေး အခမဲ့ဖြစ်ပြီး အထဲကို ဝင်လိုက်တာနဲ့ ကော်ဖီလောကထဲကို ခေါ်ဆောင်သွားပါလိမ့်မယ်။ ကော်ဖီတွေရဲ့သမိုင်းကြောင်း ကို လေ့လာနိုင်မှာဖြစ်သလို မတူညီတဲ့ ကော်ဖီ အမျိုးအစားတွေအကြောင်းကိုလည်း သိခွင့်ရမှာ ဖြစ်ပါတယ်။ စာအုပ်တွေ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ကော်ဖီနဲ့ ဆက်စပ်တဲ့ ရှေးဟောင်းပစ္စည်းတွေကို ခင်းကျင်းပြသထားတဲ့အတွက် ကော်ဖီသရဲတွေကတော့ သေချာပေါက်သွားသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Dubai Travel Planner