ဘာစီလိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကို ယခုနှစ်နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခက်ခဲတဲ့ ရာသီတစ်ခု ဖြတ်ကျော်နေရပြီး ပရီးမီးယားလိဂ် ၁၂ ပွဲသာ ကစားထားကာ ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးပဲ သွင်းယူပေးနိုင်ခဲ့ပါတယ်။


Photo : FootballTransfers.com

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲရစ် တန်ဟတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးတဲ့နောက်မှာ ၎င်းနယ်သာလန်သားက အသင်းကို ပြန်လည်ပြင်ဆင်ဖို့ စီစဉ်ထားတာကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

Sport သတင်းဌာနရဲ့ အဆိုအရ  တန်ဟတ်သာ ရက်ရှ်ဖို့ဒ်ကို အလိုမရှိရင် ဘာစီလိုနာအသင်းအနေနဲ့ ၎င်းတိုက်စစ်မှူးကို ကမ်းလှမ်းသွားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ကတ္တလန်ကလပ်ဟာ ရက်ရှ်ဖို့ဒ်ကို အမြဲစောင့်ကြည့်နေပြီး ရက်ရှ်ဖို့ဒ်ရဲ့ ကောင်းမွန်ပြည့်စုံတဲ့ တိုက်စစ်ကစားပုံကို သဘောကျတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဘာကာရဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေအနေတွေက အကန့်အသတ်တစ်ခု ဖြစ်နေစေတာကြောင့် မျက်စိကျနေတဲ့ကစားသမားအများအပြားကို ဆုံးရှုံးရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြသစ် တန်ဟတ်ကလည်း အသင်းကို ပြင်ဆင်ဖို့ အပြောင်းအရွေ့ စရိတ်ကြီးကြီးမားမား အသုံးပြုသွားဖွယ်ရှိနေပြီး ဟယ်ရီကိန်း ၊ ဒီကလန်ရိုက်စ် နဲ့ ဒါဝင်နူနက်ဇ် တို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ စိတ်ပျက်ဖွယ်ရာ ရာသီကို ဖြတ်ကျော်ခဲ့ရပြီးနောက် ဒီနှစ်ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ယူနိုက်တက်ပထမတန်းအသင်း ကစားသမား ၁၀ ယောက်နဲ့အထက် ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ အကယ်ဒမီထွက်ကစားသမား ရက်ရှ်ဖို့ဒ် ဟာလည်း ဒီရာသီမှာ ခြေစွမ်းပြဖို့ အတော်လေး ရုန်းကန်နေရတာကြောင့် အသင်းကထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်နေပါတယ်။

Photo : Metro

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဆိုးရွားတဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းကနေလည်း ချန်လှပ်ခံခဲ့ရပြီး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ ဆန္ဒရှိနေခဲ့တာကြောင့် အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ စိတ်ဝင်စားမှုကို ပြန်ရဖို့ အတော်လေး ကြိုးစားရဖွယ် ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အသင်းအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပါက နောက်ထပ်တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရှိနေပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့မယ်ဆိုရင် ၎င်းတိုက်စစ်မှူးအား အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် ရှိပါတယ်။

Featured Photo : Daily Mail