ချဲလ်ဆီး နဲ့ တွေ့ဆုံတိုင်းမှာ ခြေစွာတက်တဲ့ ပရီးမီးယားလိဂ် သခင်ကြီး မန်ချက်စတာ ယူနိုက်တက်ကတော့ လာမယ့် သောကြာညမှာ စတန်းဖို့ဒ်ဘရစ်ခ်ျ ကွင်းကြီးဆီ သွားရောက်ပြီး ဒီရာသီရဲ့ နောက်ဆုံး လက်ကျန်ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

Chelsea vs Manchester United

Photo : The Independent

ယူနိုက်တက်အသင်းက လက်ရှိ ရာသီမှာ ရမှတ် ၃၉ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ခြေစွမ်းပိုင်းကတော့ ပရိသတ်တွေအားလုံး သိကြတဲ့အတိုင်းပဲ တန်းဆင်းဇုန်နား တဝဲလည်လည် ရှိနေပြီး နည်းပြအာမိုရင်ဟာလည်း ပြုတ်လုဆဲဆဲ အခြေအနေမှာ ရှိနေပါတယ်။

ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲကို ပြန်ကြည့်မယ်ဆိုရင် ၁ ပွဲနိုင် ၊ ၁ ပွဲရှုံး ၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ထားပြီး ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတာပါ။ ဒါဟာလည်း နည်းပြဆိုးရှား လက်ထက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ၂-၀ ရလဒ်နဲ့ အဝေးကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

 Chelsea vs Manchester United

Photo : We Ain’t Got No History

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ် သြဂုတ်လတုန်းက စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂-၂ ရလဒ်နဲ့ သရေကျပြီးနောက် အခုလာမယ့် သောကြာနေ့ပွဲစဉ်ဟာ ချဲလ်ဆီး အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်တွေ့ဆုံမှု ဖြစ်ပါတယ်။

တစ်ဖက်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၈ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့ ၁ ပွဲသာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်မှာ ၂၇ ပွဲအထိ သရေရလဒ် အများဆုံး ထွက်ပေါ်ထားတဲ့ အသင်း ၂ သင်းလည်း ဖြစ်ပါတယ်။

Chelsea vs Manchester United
Photo : Manchester United

မန်ချက်စတာ ယူနိုက်တက်ဟာ စပါးနဲ့ ကန်ရမယ့် ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဉ်မတိုင်ခင် ၅ ရက်အလိုမှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်တာကြောင့် ဒီပွဲမှာ ကစားသမား ပွဲထွက်လူစာရင်းကို ဉာဏ်ရှိရှိနဲ့ သုံးတက်ဖို့တော့ လိုပါလိမ့်မယ်။ အဓိက ကစားသမားတချို့ကို ချန်သင့်သလောက်ချန်ပြီး အရံလူတွေကို သုံးမှသာ ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားသမား အင်အား တောင့်တောင့်တင်းတင်းနဲ့ ပွဲထွက်နိုင်မှာပါ။ ချဲလ်ဆီး တို့ကလည်း လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ် အမှတ်ယူဖို့ သေချာပေါက် လိုအပ်နေသေးတာကြောင့် အိမ်ကွင်းမှာ ကစားသမား အစုံအလင်နဲ့ ဖိအားပေး ကစားသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် ဒီပွဲကတော့ ပရိသတ်တွေ ရင်ခုန်ရဦးမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်မှာသေချာပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာတော့ သောကြာညမှာ အတူတူ စောင့်မျှော်ရှုစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : Khel Now