အနုပညာသမားတွေအဖို့ နာမည်ပေးတဲ့ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။ ပန်းချီဆရာတစ်ယောက် ပန်းချီတစ်ချပ်ကို အနုပညာစျာန်နဲ့ ဉာဏ်ကွန့်မြူးပြီး ဆွဲရသလို အဲ့ဒီ ပန်းချီကားကို နာမည်ပေးတော့မယ် ဆိုရင်လည်း အဘက်ဘက်က စဉ်းစားပြီး ပေးလေ့ရှိပါတယ်။ ဒီလိုပါပဲ။ သီချင်းရေးတဲ့ တေးရေးတစ်ယောက်အဖို့ သီချင်းတစ်ပုဒ်ကို အားစိုက် ရေးရသလောက် သီချင်းခေါင်းစဉ်ကိုလည်း အလေးအနက် စဉ်းစားပြီးမှ ပေးကြတာ ရှိပါတယ်။

နာမည်တွေဟာ ကိုယ်စားပြုမှုပဲ မဟုတ်လား။ နာမည်ကို ခေါ်လိုက်တာနဲ့ နာမည်နောက်က ဆက်စပ်နေတဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းနောက်ခံ အကြောင်းတရားတွေ ၊ ကွဲပြားခြားနားခြင်း နဲ့ အနုပညာမြောက်မှုတွေကို တသီကြီး တွေးမိစေနိုင်ပါတယ်။ နာမည်တွေအကြောင်း ပြောရရင် ထူးခြားတဲ့ နာမည် နဲ့ အမည်ပေးမှုအကြောင်း စဉ်းစားနိုင်ပါတယ်။

ဒီထဲမှာ တိရစ္ဆာန် အမျိုးအမည်ကို တီးဝိုင်းနာမည်အဖြစ် ပေးကြတဲ့ ရော့ခ်ဂီတ Band တွေ အကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ တိရစ္ဆာန်နာမည်နဲ့ ရော့ခ် Bands တွေ ခေတ်စားလာတာ ၁၉၆၀ ပြည့်လွန်နှစ်တွေက စတင်တယ်လို့ ဆိုကြပါတယ်။ ဗြိတိန် ရော့ခ် ဂီတ အဖွဲ့ တစ်ခု ဖြစ်တဲ့ The Beatles (ပိုးတောင်မာများ) ကမ္ဘာကျော်ပြီးနောက် ငှက်တွေ ၊ တိရစ္ဆာန် တွေ နဲ့ အင်းဆက်နာမည်တွေ နဲ့ Rock Band တွေ တီးဝိုင်းအဖွဲ့တွေ ထွက်လာပါတယ်။

ရော့ခ် ဂီတလောကမှာ တိရစ္ဆာန် နာမည်နဲ့ တီးဝိုင်း အဖွဲ့ တွေအကြောင်း ပြောရရင် အများကြီး ရှိတာ တွေ့ရပါမယ်။ ဒီထဲမှာ နို့တိုက်သတ္တဝါတွေ ၊ ငှက် ၊ အင်းဆက် ၊ တွားသွားသတ္တဝါတွေ ၊ ပရိုင်းမိတ်တွေ ၊ ငါးတွေ ၊ အိမ်မြောင်တွေ ၊ ကုန်းနေရေနေ သတ္တဝါတွေ ၊ ခြင်တွေ ၊ ရှဉ့်တွေ ၊ လိပ်တွေ ၊ ခွေးတွေ ၊ ကြောင်တွေ ၊ မြင်းတွေ ၊ ကြက်တွေ ၊ နွား ၊ ဝက်ဝံတွေ ၊ ကျား နဲ့ ခြင်္သေ့နာမည်တွေနဲ့ အဖွဲ့တွေလည်း ပါဝင်လာပါတယ်။
ဒီလိုမျိုး တိရစ္ဆာန် နာမည်နဲ့ ရော့ခ် တီးဝိုင်း အဖွဲ့ တွေထဲက နာမည်ကြီးတဲ့ Band ၅ ခု အကြောင်း ဂီတချစ်တဲ့ ကွီးတို့အတွက် အောက်မှာ မျှဝေတင်ဆက်လိုက်ပါတယ်။

(၁) The Beatles

The Beatles

Photo: marca

The Beatles ဆိုတာ ၁၉၅၇ ခုနှစ်က Billboard Top 100 Chart မှာ ထိပ်ဆုံး ၃ နေရာက ရှိခဲ့တဲ့ The Crickets ဆိုတဲ့ အမေရိကန်ရော့ခ်အင်ရိုး အဖွဲ့ကို လေးစားတဲ့ သင်္ကေတအဖြစ် Beetles (ပိုးတောင်မာများ) နဲ့ ဒရမ် လက်ခတ် Beat ဂီတအဖြစ် Beat တို့ ပေါင်းထားတာလို့ ဆိုပါတယ်။ ဒီလို စကားနှစ်လုံး ပေါင်းစည်းထားတဲ့ လီဗာပူးအခြေစိုက် ဗြိတိန်ရော့ခ်ဂီတအဖွဲ့ The Beatles ဟာ ဂီတသမိုင်းမှာ အကျော်ကြားဆုံးနဲ့ ဩဇာအကြီးဆုံး ဂီတအဖွဲ့အဖြစ် သတ်မှတ်ခံရတဲ့ ဂန္ဓဝင် ရော့ခ်ဂီတအဖွဲ့ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်က လီဗာပူးမြို့မှာ ဖွဲ့စည်းခဲ့တဲ့ The Beatles မှာ ဂျွန်လင်နွန် ၊ ပေါလ် မက်စ်ကာ့တ်နေး ၊ ဂျော့ချ် ဟာရီဆင် နဲ့ ရင်ဂို စတားတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဂျွန်လင်နွန် လုပ်ကြံခံရပြီးနောက် အခုဆို ပေါလ် မက်စ်ကာ့တ်နေး နဲ့ ရင်ဂို စတားတို့ နှစ်ဦးပဲ သက်ရှိထင်ရှား ကျန်တော့တာ ဖြစ်ပါတယ်။ The Beatles အဖွဲ့ ဖွဲ့စည်းတာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီးနောက်မှာတောင် Hey Jude ၊ Let It Be ၊ Come Together ၊ I Want To Hold Your Hand ၊ Strawberry Fields Forever ၊ Yesterday နဲ့ Something အပါအဝင် သီချင်းပေါင်း များစွာက ဂီတချစ်သူတို့ နှလုံးသားမှာ အခုတိုင် ဆွဲကိုင်လှုပ်ခါနိုင်စွမ်း ရှိဆဲ ဖြစ်ပါတယ်။

(၂) Porcupine Tree

Porcupine Tree

Photo: sonic perspectives

ဖြူကောင်လေးတွေကို ကိုယ်စားပြုတဲ့ Porcupine Tree ဆိုတဲ့ အင်္ဂလိပ် ရော့ခ်ဂီတအဖွဲ့ကို ၁၉၈၇ ခုနှစ်မှာ ဂီတသမားတစ်ဦးဖြစ်တဲ့ စတီဗင် ဝီလ်ဆင်က ဖွဲ့စည်းခဲ့ပါတယ်။ နှစ်နှစ်ဆယ်ကျော် ဂီတသမိုင်းမှာ ဝေဖန်သူတွေရဲ့ ချီးကျူးထောပနာပြုခြင်း ခံခဲ့ရသလို ခေတ်ပြိုင်ဂီတသမားတွေရဲ့ ချီးကျူးမှုလည်း ခံခဲ့ရပါတယ်။ ဒီအဖွဲ့မှာ ပီယာနိုတီးတဲ့ စတီဗင် ဝီလ်ဆင် ၊ အကော့စတစ် ဒရမ်တီးတဲ့ ခရစ္စ မေ့တ်လန်း ၊ ဂါဗင် ဟယ်ရီဆင် ၊ ဘေ့စ်ဂီတာသမား ကောလင်း အက်ဒွင် ၊ ရစ်ချတ် ဘာဘီယာရီ နဲ့ ဆိုလိုမွန် စိန့်ဂျီမိန်းတို့ နဲ့ ဖွဲ့စည်းထားတာပါ။

Porcupine Tree အဖွဲ့ရဲ့ အစောပိုင်းသီချင်းတွေထဲမှာ ဆိုက်ခီဒဲလစ် ရော့ခ် ၊ Space Rock နဲ့ Experimental Rock စတိုင်တွေ မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာ Pink Floyd တို့လိုမျိုး Progressive / Space Rock ဘက် ကူးပြောင်းလာခဲ့ပါတယ်။ Rock နဲ့ ပတ်သက်လာရင် အော်လ်တာနေးတစ်နွှယ်တဲ့ ဂီတအမျိုးအစားတွေလည်း ဖန်တီးခဲ့ပြီး ၂၀၁၀ မှာ ဝီလ်ဆင်က တစ်ကိုယ်တော် ခွဲထွက်သွားရာကနေ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။

၂၀၂၁ မှာ ဝီလ်ဆင်ဟာ အဖွဲ့ကို ပြန်ဖွဲ့စည်းမှု လုပ်ခဲ့ပြီးနောက် ဝီလ်ဆင် ၊ ဘာဘီယာရီ နဲ့ ဟယ်ရီဆင်ဆိုပြီး ၃ ဦးသား ပြန်ဖွဲ့ခဲ့ပြီး Harridan ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ ဖြန့်ချိခဲ့ပါတယ်။ ၂၀၂၂ ဇွန် ၂၄ ရက်နေ့မှာ Closure/Continuation ဆိုပြီး စတူဒီယို အယ်လ်ဘမ်သစ်လည် ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

(၃) Camel

Camel

Photo: return of rock

၁၉၇၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အင်္ဂလန် Progressive Rock Band တစ်ခုဖြစ်တဲ့ Camel က ဒီနေ့အထိ စတူဒီယို အယ်လ်ဘမ် ၁၄ ချပ် နဲ့ တစ်ကိုယ်တော်ခွေ ၁၄ ချပ် အပြင် Live Albums နဲ့ DVDs တွေလည်း အများကြီး ဖြန့်ချိထားတဲ့ ‌ရော့ခ်ဂီတအဖွဲ့တစ်ခုပါ။ အဖွဲ့ကို ဂစ်တာသမား အန်ဒရူး လတ်တီမာက ခေါင်းဆောင်ပြီး ကောလင်း ဘေ့စ် ၊ ဒင်းနစ် ကလီးမင့် ၊ ပီတီ ဂျုံးစ်တို့နဲ့ ဖွဲ့စည်းထားတာပါ။

ကုလားအုတ်လို့ အမည်ရတဲ့ Camel အဖွဲ့ဟာ ၁၉၈၁ မှာ အဖွဲ့လှုပ်ရှားမှုတွေ အကုန်ရပ်ခဲ့ပြီး ၉၁ ခုနှစ်ရောက်မှ ပြန်ပြီး ပေါင်းထုပ်ခဲ့တာ ဖြစ်ပါတယ်။ Camel Productions ဓါတ်ပြားတံဆိပ်နဲ့ ကိုယ်ပိုင် Lable အောက်မှာ Dust And Dreams အယ်လ်ဘမ်က စလို့ အယ်လ်ဘမ်တွေ ထုတ်လာပါတယ်။ Camel အဖွဲ့ကို ၇၀ ပြည့်လွန်နှစ် Prog Rock အဖွဲ့ရဲ့ အကြီးကျယ်ဆုံး သူရဲကောင်းအဖွဲ့အဖြစ် ဂီတဝေဖန်သူတွေက အသိအမှတ်ပြုခဲ့သလို Camel ရဲ့ ဂီတဩဇာဟာ ဗြိတိန် ရော့ခ်ဂီတအဖွဲ့ Marillion ၊ ဆွီဒင် Metal Band အဖွဲ့ Opeth နဲ့ စတီဗင် ဝီလ်ဆင်တို့အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

(၄) The Eagles

Eagles

Photo: wikimedia

ရော့ခ် ဂီတသမိုင်းရဲ့ ချန်လှပ်ထားလို့ မရတဲ့ အကျော်အမော်တွေထဲမှာ အမေရိကန် ရော့ခ် ဂီတ အဖွဲ့ The Eagles (လင်းယုန်ငှက်များ) လည်း အပါအဝင်ပါပဲ။ လော့စ်အိန်ဂျလိစ်မြို့မှာ ၁၉၇၁ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ဂစ်တာနဲ့အဆို ဂလင်းလ် ဖရေး ၊ ဒရမ်နဲ့ အဆို ဒွန် ဟန်လေ ၊ ဂစ်တာ ဘာနေးလ် လီဒွန် နဲ့ ဘေ့စ်ဂစ်တာ ရန်ဒီ မိန်းစ်နာတို့နဲ့ စတင် ဖွဲ့စည်းခဲ့တာပါ။ နောက်ပိုင်းတော့ ဒွန် ဖယ်လ်ဒါ ၊ ဂျိုးဝဲလ်ရှ် နဲ့ တင်မိုသီ ဘီတို့ ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

Eagles အဖွဲ့ဟာ အရောင်းရဆုံး နံပါတ်တစ် အယ်လ်ဘမ် ၆ ချပ် ၊ နံပါတ်တစ် Single အယ်လ်ဘမ် ၅ ချပ် ၊ ဂရမ်မီဆု ၆ ဆု နဲ့ အမေရိကန်ဂီတဆု ၅ ဆု ရထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ The Eagles ဟာ မြောက်အမေရိကရဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေရဲ့ အအောင်မြင်ဆုံး ဂီတအဖွဲ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။

The Eagles ရဲ့ ပထမအယ်လ်ဘမ် ၄ ချပ်ထဲကမှ လက်ရွေးစင် ပြန်ရွေးထုတ်ထားတဲ့ Their Greatest Hits (1971 – 1975) ဟာ အမေရိကန်မှာ အချပ်ရေ ၃၈ သန်း ရောင်းချနိုင်ခဲ့ပြီး အရောင်းရဆုံး အယ်လ်ဘမ်စာရင်းဝင်ခဲ့ပါတယ်။ The Eagles ကို ကမ္ဘာက သိကြတဲ့ Hotel California အယ်လ်ဘမ် ဆိုရင် အမေရိကန်မှာ အခွေပေါင်း ၂၆ သန်းကျော် ရောင်းချခဲ့ရပြီး ခေတ်အဆက်ဆက် အမေရိကန်ရဲ့ အရောင်းရဆုံး အယ်လ်ဘမ်စာရင်းမှာ နံပါတ် ၃ နေရာက ရပ်တည်ခဲ့ပါတယ်။

(၅) Scorpions

Scorpions

Photo: wallpaperaccess

ကင်းမြီးကောက်များ လို့ အဓိပ္ပါယ်ရတဲ့ Scorpions အဖွဲ့က သက်တမ်းရှည် ဂျာမန် ရော့ခ် ဂီတ အဖွဲ့ တစ်ဖွဲ့ပါ။ ဟန်နိုဗာမြို့မှာ ၁၉၆၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး အခုထက်တိုင် ဂီတလှုပ်ရှားမှုတွေ လုပ်နေသေးတဲ့ အဖွဲ့ ဖြစ်ပြီး ရူးဒေ့ါဖ် ရှဟန်ခါက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့က Hard Rock ၊ Heavy Metal ၊ Glam Metal နဲ့ Soft Rock တွေ ဖန်တီးပါတယ်။

Scorpions အဖွဲ့မှာ အဆို ကလော့စ် မိန်း ၊ ရစ်သမ်ဂစ်တာ ရူးဒေါ့ဖ် ရှဟန်ခါ ၊ လိဒ်ဂစ်တာ မတ်သီးယပ်စ် ဂျက်ဘ်စ် ၊ ဘေ့စ် ဖရန်ဆစ် ဘတ်ချ်ဟို့ဇ် နဲ့ ဒရမ်သမား ဟာမန်း ရဲရားဘဲလ်တို့နဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Scorpions အဖွဲ့ဟာ ကမ္ဘာတလွှား အခွေပေါင်း သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ ရောင်းအားအကောင်းဆုံး Hard Rock နဲ့ Heavy Metal Bands တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂျာမန်ရော့ခ်ဂီတအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ Scorpions အဖွဲ့ရဲ့ Wind Of Change ဟာ ၈၀ ပြည့်လွန် နောက်ပိုင်းနှစ်တွေ နဲ့ ၁၉၉၀ နှစ်ဆန်းပိုင်းက အရှေ့ဥရောပရဲ့ နိုင်ငံရေးအပြောင်းအလဲကိုပါ ဖော်ညွှန်းနိုင်ခဲ့လို့ ဂုဏ်သိက္ခာကြီးပြီး ကမ္ဘာအထိ ပေါက်သွားခဲ့တဲ့ သီချင်း ဖြစ်လာခဲ့ပါတယ်။

Featured Photo : marca