လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အရွယ်ရောက်ပြီးသူတိုင်းအတွက် မစိမ်းပါဘူး။ ဒါ့အပြင် လူနှစ်ဦး ခန္ဓာကိုယ်ချင်း ရင်းနှီးကြတဲ့ ကိစ္စမှာ သာယာပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှု ရရှိခြင်းသာ ဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ ပါတနာ သို့မဟုတ် လက်တွဲဖော်နဲ့ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာ လုပ်ရပ်တစ်ခုမျှသာမဟုတ်၊ ၎င်းတွင် တည်ဆောက်မှု၊ အပြုအမူနှင့် လိင်ဆက်ဆံပြီးနောက် ရင်းနှီးမှုတို့ ပါဝင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် တစ်ဖက်သားအပေါ် စိတ်ပျက်စေတာ၊ စိတ်ခံစားချက်ကို ထိခိုက်စေတာမျိုး ဖြစ်နိုင်ပါတယ်။ ကြာလာရင် တစ်ဖက်သားက ကိုယ့်အပေါ် စိတ်ပျက်လာနိုင်ပြီး ကွီးတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့အနေဖြင့် တူနှစ်ကိုယ် ချစ်ပြီးပြီးချင်းမှာ လုံးဝမလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
သူမကို ဂရုမစိုက်တာမျိုး မလုပ်ပါနဲ့
Photo : The Mirror
လိင်ဆက်ဆံပြီးပြီးချင်းမှာ သက်တောင့်သက်သာဖြစ်စေတဲ့ ဟော်မုန်းတွေရဲ့ Postcoital လွှမ်းမိုးမှုကို ခံရတာကြောင့်လည်းကောင်း၊ ပင်ပန်းနွမ်းနယ်တာကြောင့် လည်းကောင်း အိပ်ငိုက်တတ်တာ သဘာဝပါပဲ။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားများအနေနဲ့ ကိုယ်လိုအင်ဆန္ဒပြည့်စုံတာနဲ့ ချက်ချင်းအိပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ ပါတနာကို အာရုံစိုက်မှုပေးပါ။ ချိုသာသောစကားလေးများဆိုတာ၊ ပွေ့ဖတ်တာ စသည့်အပြုအမူလေးတွေက သူမတို့ကို အလေးထားကြောင်း ခံစားရစေပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ လိင်ဆက်ဆံပြီးပြီးချင်းမှာ အမျိုးသားတို့အနေနဲ့ ဖုန်းကောက်ကိုင်ပြီး သုံးနေတာ၊ တီဗွီကြည့်ပြီး ထိုအပေါ်မှာပဲ အာရုံရောက်နေတာမျိုးကိုလည်း လုံးဝမလုပ်သင့်ပါဘူး။ ဒီလို အပြုအမူတွေ လုပ်ခြင်းက သူမကို အရေးမပါသလို ခံစားရစေတယ်လို့ ဆက်ဆံရေးကုထုံးပညာရှင် Deborah Fox က ဆိုပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေတာမျိုး မလုပ်ပါနဲ့
Photo : Men’s Health
အမျိုးသားများအနေနဲ့ ကိုယ့်အတွက် သာယာပျော်ရွှင်မှု ရပြီးပြီးချင်းမှာ တစ်ဖက်လူကို ဂရုမစိုက်တော့ဘဲ ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေလိုက်ခြင်းက တကယ်ကို မလုပ်သင့်တဲ့ အပြုအမူပါ။ လိင်မှုကိစ္စပြီးပြီးချင်း ဒီလိုမျိုး ပြုမူတာက အမျိုးသမီးများအား အသုံးချရခံရခြင်း၊ ဒေါသထွက်ခြင်း စတာတွေကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ သူမအပေါ် အလေးထားမှု မရှိဘူးလို့လည်း ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အပြုအမူမျိုးကို ရှောင်ပါ။
ဒါဆိုရင် ဘယ်လိုပြုမူသင့်သလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်
Photo : Paired Life
လိင်ဆက်ဆံမှု ပြီးပြီးချင်းမှာ မိမိရဲ့ ပါတနာနဲ့ ပွေ့ဖတ်ထားခြင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုအပြင်၊ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုလည်း ရှိသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေကို ကြည့်တာ၊ အနမ်းပေးတာ စတာလေးတွေနဲ့ သူ့အပေါ်ထားတဲ့ ခံစားချက်ကို ဖော်ပြပေးနိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကွီးတို့ နှစ်ယောက်လုံးအတွက် ကောင်းမွန်သော ခံစားချက်လေးတွေကို အချိန်ကြာတဲ့အထိ ထိန်းထားနိုင်ပါတယ်။
ဒါ့အပြင် စကားစမြည်ပြောဆိုတာလည်း ပြုလုပ်နိုင်ပါတယ်။ ကိုယ့်အကြောင်းလေးတွေပြောရင်း သူ့အကြောင်းကိုလည်း နားထောင်ပါ။ ရီမောစရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ပြောဆိုခြင်းက ကွီးတို့ကို နွေးထွေး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။
လိင်ဆက်ဆံမှု ပြီးပြီးချင်းမှာ အတူတကွ ရေချိုးတာကလည်း အချို့သော ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်သည်သာမက ပိုမိုရင်းနှီးနွေးထွေးသော အတွေ့အကြုံကို ရရှိဖို့ နည်းလမ်းကောင်းပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ တူနှစ်ကိုယ် ချစ်ပြီးပြီးချင်းမှာ ကွီးတို့အနေနဲ့ မလုပ်သင့်တဲ့အရာလေးတွေနဲ့ လုပ်သင့်တာလေးတွေကို ဆက်ဆံရေး ရှုထောင့်ကနေ ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။
Source : Nzherald.co.nz
Featured Photo : New York Post