လူမှုကွန်ရက်ဟာ အားကစားသမား တွေနဲ့ ဆယ်လီဘရစ်တီတွေအတွက် ပရိသတ်တွေ ရရှိဖို့နဲ့ စပွန်ဆာသဘောတူညီမှုတွေ ဆွဲဆောင်နိုင်ဖို့အတွက် အသုံးချစရာအရာတစ်ခုဖြစ်ခဲ့ပြီး အထူးသဖြင့် လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ တွစ်တာမှာ ဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ၎င်းတို့ သိချင်တဲ့ အားကစားသမားနာမည်ကို တွစ်တာပေါ်မှာ ရိုက်ရှာလိုက်ရုံနဲ့ အားကစားသမားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ ဘဝနေထိုင်မှုပုံစံတွေကို လွယ်လင့်တကူ သိရှိနိုင်တာဖြစ်ပြီး တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပရိသတ်အများဆုံး ပိုင်ဆိုင်ထားတဲ့ အားကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ကာကာ(ဘောလုံးသမား)

Kaka

Photo: sportsbrowser

ဘရာဇီးလ်ဂန္တဝင်ကွင်းလယ်ကစားသမား ကာကာဟာ ၂၀၀၁ ခုနှစ်မှာ ဆော်ပေါ်လိုနဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး တွစ်တာမှာ ပရိသတ်ပေါင်း ၁၀ သန်း ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး အားကစားလောကက ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကာကာဟာ တွစ်တာအကောင့်မှာ ပရိသတ်ပေါင်း ၂၉.၂ သန်းပိုင်ဆိုင်ထားပြီး ပရိသတ်တွေကတော့ အနားယူခဲ့ပြီးဖြစ်တဲ့ ဘရာဇီးလ်ဂန္တဝင်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

၄။ ဆာချင် တန်ဒူကား(ခရစ်ကတ်)

Sachin Tendulkar

Photo: sportsbrowser

အိန္ဒိယလက်ရွေးစင်ခရစ်ကတ်ကစားသမားဟောင်း ဆာချင် တန်ဒူကားဟာ သမိုင်းတလျှောက် အိန္ဒိယမှာ အအောင်မြင်ဆုံးနဲ့ လူလေးစားမှုအခံရဆုံး ခရစ်ကတ်ကစားသမားဖြစ်ပါတယ်။ တသက်တာအကောင်းဆုံး ခရစ်ကတ်ကစားသမားတွေထဲက တစ်ဦးအဖြစ် လူသိများတဲ့ ဆာချင်ဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပရိသတ်ပေါင်း ၃၅.၈ သန်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

၃။ လီဘရွန် ဂျိမ်းစ်(ဘတ်စ်ကတ်ဘော)

LeBron James

Photo: sportsbrowser

အမေရိကန်ပရော်ဖက်ရှင်နယ် ဘတ်စ်ကတ်ဘောကစားသမား လီဘရွန် ဂျိမ်းစ်လို့ဆိုရင် တကမ္ဘာလုံး မသိတဲ့လူ ခပ်ရှားရှားဖြစ်ပြီး အယ်လ်အေ လိတ်ကာစ်အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။ လီဘရွန် ဂျိမ်းစ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ လစာအများဆုံးရရှိနေတဲ့ အားကစားသမားတွေထဲက တစ်ဦးအဖြစ် လူသိများပြီး ၁၈ နှစ်တာ ကစားသမားဘဝအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ လီဘရွန် ဂျိမ်းစ်ရဲ့ တွစ်တာလူမှုကွန်ရက်အကောင့်ကို ပရိသတ်တွေက မျက်ခြည်အပြတ်မခံဘဲ စောင့်ကြည့်နေကြတာဖြစ်ပြီး စုစုပေါင်းပရိသတ် ၅၆.၁ သန်း ပိုင်ဆိုင်ထားပါတယ်။

၂။ နေမာ (ဘောလုံးသမား)

Neymar celebrated after scoring against Japan

Photo: sportsbrowser

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ လိဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးနေသူဖြစ်ပြီး ၎င်းရဲ့ ပြေးအား၊ အလိမ်အခေါက်စွမ်းရည်၊ အဆုံးသတ်ပိုင်းကြောင့် လူသိများ ကျော်ကြားတဲ့ကစားသမားဖြစ်ပါတယ်။ နေမာဟာ ပရိသတ်တွေ စိတ်ဝင်စားလောက်တဲ့ နေထိုင်မှုပုံစံမျိုးရှိတာကြောင့် တွစ်တာလူမှုကွန်ရက်တစ်ခုတည်းမှာတင် ပရိသတ်ပေါင်း ၅၄.၄ သန်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို(ဘောလုံးသမား)

Photo: sportsbrowser

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ယူဆခြင်းခံထားရသူဖြစ်ပြီး လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်တို့မှာ ပရိသတ်ပေါင်း ၃၀၈ သန်းအထိ ပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားပေးနေတဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့ တွစ်တာ အကောင့်မှာ လက်ရှိအချိန်အထိ ပရိသတ်ပေါင်း ၁၀၀.၇ သန်း ရှိနေပါတယ်။