ဘက်စုံသုံး ကိုယ်ခံပညာလို့ ခေါ်ကြတဲ့ Mixed Martial Arts တွေထဲမှာ အကြမ်းဆုံးနဲ့ အကျော်ကြားဆုံးတစ်ခုက The Ultimate Fighting Championship (UFC) ပြိုင်ပွဲပါပဲ။ UFC မှာ အတော်ဆုံးဖိုက်တာအတွဲတွေ ထိုးသတ်မှုကို အသည်းတထိတ်ထိတ် တွေ့မြင်ခံစားရသလို ထိပ်ထိပ်ကြဲ ဖိုက်တာတွေရဲ့ ချန်ပီယံခါးပတ်လုပွဲတွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရမှာပါ။ ဒီနှစ် UFC ပွဲစဉ်တွေထဲမှာ ဝိတ်တန်းအသီးသီးက နာမည်ကြီး ဖိုက်တာတွေ ဖြစ်တဲ့ ကော်နာမက်ဂရီဂေါ် ၊ ဖရန်စစ် နန်ဂါနူ ၊ ဂျွန် ဂျုံးစ် ၊ ဒတ်စတင် ပွိုင်ယာ စတဲ့ ဖိုက်တာတွေရဲ့ တွဲဆိုင်းတွေ ပွဲဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီတစ်ခေါက်တော့ ၂၀၂၂ မှာ ကြည့်ရဖို့ရှိတဲ့ ထိပ်တန်း UFC တွဲဆိုင်း တချို့အကြောင်း မျှဝေပေးသွားမှာပါ။

(၁) Conor McGregor vs Tony Ferguson

UFC Lightweight တန်းအတွက် စိတ်လှုပ်ရှားစရာတွဲဆိုင်းအဖြစ် တွေ့ရမယ်လို့ မှန်းထားတဲ့ ထိုးသတ်ပွဲတစ်ခုပါ။ တချို့ကလည်း ကော်နာကို နိတ် ဒီယာ့ဇ်နဲ့ ထိုးသတ်တာ မြင်ရမယ်လို့ ပြောနေကြတာ ရှိပါတယ်။ MMA ရဲ့ အကျော်ကြားဆုံးဖိုက်တာ အိုင်းရစ်ချန်ပီယံနဲ့ ဒီယာ့ဇ်တို့က ၂၀၁၆ မှာ ပထမဆုံး ထိုးသတ်ခဲ့တာ ဖြစ်ပြီး ကော်နာက အနိုင်ရသွားတာပါ။ ဒီနှစ်ထဲမှာ ဒီယာ့ဇ်နဲ့ ပြန်တွဲထိုးရင်တော့ ၃ ကြိမ်မြောက် ဆုံတွေ့မှုဖြစ်ပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲဆိုတာထက် ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ဖို့ရှိပါတယ်။

(၂) Dustin Poirier vs Nate Diaz

တကယ်လို့ မက်ဂရီဂေါ်သာ ဒီယာ့ဇ်နဲ့ ပွဲမဖြစ်ခဲ့ရင် ပွိုင်ယာနဲ့ ထိုးသတ်ဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။ မက်ဂရီဂေါ်ကို အလဲထိုးပြီး ခြေထောက်ရိုက်ချိုးခဲ့တဲ့ ပွိုင်ယာဟာ မက်ဂရီဂေါ်နဲ့ ၃ ကြိမ် ထိုးသတ်ခဲ့ရာမှာ ၂၀၁၄ ပထမဆုံးပွဲမှာ ကော်နာက နိုင်ခဲ့ပြီး နောက်တစ်ခေါက်မှာ ပွိုင်ယာက အလဲထိုး နိုင်ခဲ့ပါတယ်။ တတိယအကြိမ် တွေ့ဆုံပွဲမှာလည်း ဒက်စတင်ပွိုင်ယာပဲ TKO အလဲထိုးနဲ့ ပထမအချီအတွင်း အနိုင်ရခဲ့ပါတယ်။ လက်ရှိ UFC Lightweight အဆင့်နှစ် ပွိုင်ယာကတော့ မက်ဂရီဂေါ်နဲ့ စတုတ္ထအကြိမ် ထိုးဖို့ စိတ်ဝင်စားဟန်မရှိဘူးလို့ သတင်းကြားနေပါတယ်။

(၃) Francis Ngannou vs Jon Jones

MMA သမိုင်းရဲ့ အတော်ဆုံးဖိုက်တာတွေထဲက တစ်ဦးဖြစ်တဲ့ ဂျွန်ဂျုံးစ်ဟာ ဟဲဗီးဝိတ်တန်းချန်ပီယံ နန်ဂါနူနဲ့ ထိုးသတ်မယ်လို့ သတင်းထွက်နေပါတယ်။ နန်ဂါနူနဲ့ ထိုးဖို့အတွက် ဂျွန်ဂျုံးဟာ ဝိတ်တန်းတင်နေတယ်လို့လည်း ကြားရပါတယ်။ ဒီပွဲက ဖြစ်နိုင်ခြေများပြီး အကဲခတ်သူတွေက နန်ဂါနူ နိုင်ပွဲဆက်မယ်လို့ မှန်းထားကြပါတယ်။

(၄) Kamaru Usman Vs Khamzat Chimaev

ကာမာရူ အူစမန် နဲ့ ခမ်ဇက် ချီမက်ဗ်တို့ ပွဲကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ထိုးသတ်ပွဲ ဖြစ်လာမှာပါ။ နိုင်ဂျီးရီးယား-အမေရိကန်ဖိုက်တာ အူစမန်ဟာ UFC အမျိုးသား ဝိတ်တန်းအလိုက် နံပါတ် ၁ စွဲထားတဲ့ ပုဂ္ဂိုလ် ဖြစ်ပြီး ရုရှားနိုင်ငံ ချာချင်ညာသား ချီမက်က ဝယ်သာဝိတ်တန်းမှာ Top 11 အဆင့်ပဲ ရှိတာပါ။ အူစမန်က ဝယ်သာဝိတ်တန်းမှာ နံပါတ် ၁ ပါ။ ပွဲဖြစ်ဖို့ မဖြစ်ဖို့ မသေချာပေမယ့် စိတ်လှုပ်ရှားစရာကောင်းမယ့် ပွဲတစ်ပွဲဆိုတာကတော့ သေချာသလောက် ရှိပါတယ်။

Featured Photo : varchev