ထိုင်းနိုင်ငံကို ကမ္ဘာတဝှမ်းမှာ လူသိများစေတဲ့ အချက်က အစားအသောက်တွေကြောင့်လို့ ပြောရင် မမှားနိုင်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် ယိုးဒယား သင်္ဘောသီးထောင်းလို့ ပြောလိုက်ရင် ထိုင်းနိုင်ငံရဲ့ အထင်ကရ အစားအစာ တစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ရိုးရာ အစားအစာတွေ ၊ ဆန်းဆန်းပြားပြား Street Food တွေနဲ့ အရောင်အသွေး စုံလှတဲ့အချိုပွဲ သရေစာတွေကလည်း တကယ့်ကို စားချင် စဖွယ် ဆွဲဆောင်နိုင်လွန်းပါတယ်။ ထိုင်း အချိုပွဲ အများစုဟာ အုန်းသီးနဲ့ သကြားကို အခြေခံပြုလုပ်ထားတာဖြစ်ပြီး  ဆန်နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ပေါပေါများများထွက်တဲ့ နိုင်ငံဖြစ်တာကြောင့် ရိုးရာ မုန့်ပဲသရေစာနဲ့  ချိုချိုဆိမ့်ဆိမ့် အချိုပွဲ စားစရာတွေ အရမ်းကို ပေါများပါတယ်။ ဒီထဲကမှ လူကြိုက်များ ရေပန်းစားတဲ့ စားချင်စဖွယ် ထိုင်း အချိုပွဲ တချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Mango Sticky Rice


Photo : Chef’s Pencil

Mango Sticky Rice ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး အချိုပွဲတစ်ခုပါ။ သရက်သီး ကောက်ညှင်း အုန်းနို့ဆမ်း အချိုပွဲလို့ လူသိများပါတယ်။ သရက်သီးအမှည့်ကို အုန်းနို့ဆမ်းထားတဲ့ ကောက်ညှင်းပေါင်းနဲ့ တွဲပြီး စားရတာ ဖြစ်ပါတယ်။ ကောက်ညှင်းနဲ့ အုန်းနို့ရဲ့ အဆိမ့်ဓာတ်နဲ့ သရက်သီးရဲ့ ချိုချဉ်ပြုံး အရသာ နှစ်မျိုးရဲ့ ပေါင်းစပ်မှုက တကယ့်ကို ခံတွင်းတွေ့စေမှာ ဖြစ်ပြီး နာမည်ကြီးစားသောက်ဆိုင်တွေကနေ လမ်းဘေးဆိုင်တွေအထိ ဝယ်စားလို့ရနိုင်တဲ့ နာမည်ကြီး ထိုင်း အချိုပွဲတစ်ခု ဖြစ်ပါတယ်။ ဒူးရင်းသီးပေါ်တဲ့ ရာသီဆို ကောက်ညှင်းနဲ့ ဒူးရင်းသီးကိုလည်း တွဲစားလေ့ ရှိကြပါတယ်။

(၂) Bamboo Sticky Rice

Photo : Chef’s Pencil

Bamboo Sticky Rice ကတော့ မြန်မာအခေါ် ကောက်ညှင်း ကျည်တောက်ပါ။ ကောက်ညှင်းဆန်ကို တစ်ဖက်ပိတ် ဝါးကျည်တောက်ထဲမှာထည့်ပြီး ကောက်ညှင်း ကျက်တဲ့အထိ မီးကင်ပေးရတာ ဖြစ်ပါတယ်။ မြန်မာတွေနဲ့ နည်းတူ ထိုင်း ကောက်ညှင်း ကျည်တောက်မှာလည်း ကောက်ညှင်းဖြူ/ငချိတ်ဆန် နှစ်မျိုးစလုံးနဲ့ ပြုလုပ်လေ့ရှိပြီး မတူတာတစ်ခုက အုန်းနို့ပါရောထည့်လေ့ရှိတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ပဲနီပါရောထည့် အသုံးပြုလေ့ ရှိပါသေးတယ်။ Bamboo Sticky Rice ကတော့ အရသာရှိပြီး စားလို့ကောင်းသလို ကလေးလူကြီးမရွေး ကြိုက်နှစ် သက်တဲ့ အချိုတည်းစရာ ထိုင်းစားစရာ တစ်မျိုး ဖြစ်ပါတယ်။

(၃) Khanom Buang: Thai Crispy Pancake

Photo : Chef’s Pencil

Khanom Buang လို့ခေါ်တဲ့ Thai Crispy Pancake အချိုပွဲဟာ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ လောက်ကတည်းက ရှိခဲ့တဲ့ ထိုင်းရိုးရာ စားစရာတစ်ခု ဖြစ်ပါတယ်။ ကြွပ်ကြွပ်ရွရွ နဲ့ ဝါးလို့ကောင်းတဲ့ အဆာပြေ သရေစာ မုန့်တစ်မျိုး ဖြစ်ပါတယ်။  Crispy Pancake ကိုတော့ ဆန်မှုန့်နဲ့ ပြုလုပ်ထားပြီး ကြက်ဥအကာနဲ့ သကြားတို့ကို အမြုပ်ဖြစ်တဲ့အထိ မွှေထားတဲ့အနှစ် ၊ ကြက်ဥအနှစ် အမျှင်တို့နဲ့ တွဲဖက် သုံးဆောင်ရတာ ဖြစ်ပါတယ်။ Khanom Buang ဟာ Street Food ဈေးတန်းတွေမှာ ရောင်းလေ့ရှိတဲ့ နာမည်အကြီးဆုံး ထိုင်းအချိုပွဲ စားစရာတစ်မျိုး ဖြစ်ပါတယ်။

(၄) Tong Yod: Sweet Egg Yolk Drop


Photo : Chef’s Pencil

Tong Yod ကတော့ ကြက်ဥအနှစ် ၊ ဆန်မှုန် ၊ ဂျုံမှုန့်တို့နဲ့ ရောစပ်ပြုလုပ်ထားတဲ့ စားစရာတစ်ခု ဖြစ်ပါတယ်။ ဆွမ်းမွှေးရွက် ထည့်ပြုတ်ပြီး အရွက်တွေဖယ်ထားတဲ့ ပွက်ပွက်ဆူနေတဲ့ ရေနွေး ထဲမှာ မုန့်နှစ်ကို မကြီးမသေးအရွယ်အစား အတိုင်း တစ်လုံးချင်းစီထည့်ပြီး ၇ – ၈ မိနစ်လောက် ပြုတ်ရတာ ဖြစ်ပါတယ်။ ချိုချိုစိမ့်စိမ့်နဲ့ စားလို့ခံတွင်းတွေစေမယ့် ထိုင်းရိုးရာ နာမည်ကြီး အချိုပွဲ စားစရာတစ်မျိုး ဖြစ်ပါတယ်။

(၅) Khanom Tum: Sweet Coconut Rice Dumplings

Photo : Chef’s Pencil

Khanom Tum ကတော့ မုန့်လုံးရေပေါ် လုပ်နည်းနဲ့ ဆင်တူပါတယ်။ ကောက်ညှင်းဆန်မှုန့်နဲ့ ပြုလုပ်ရတာပါ။ အရောင်အတွက် ဆွမ်းမွှေးရွက်နဲ့ ကန်စွန်းဥတွေကို သုံးလေ့ရှိပါတယ်။ မုန့်ရဲ့ အတွင်းမှာတော့ သကြားညို နဲ့ အုန်းသီးမျှင်တို့ကို ရောကြော်ထားတဲ့ အချိုအနှစ်ကို ထည့်ပြီး ပြုတ်ပါတယ်။ ပြုတ်ထားတဲ့ မုန့်လုံးလေးတွေကို အုန်းသီးမျှင်လေးတွေနဲ့ တွဲစားရတဲ့ အရသာအရှိဆုံး ထိုင်း အချိုပွဲ တစ်ခုဖြစ်ပါတယ်။

Featured Photo : Chef’s Pencil