ထိုင်းနိုင်ငံဟာ စိတ်ဝင်စားစရာ ရိုးရာယဉ်ကျေးမှုတွေ ၊ အလွန်စည်ကားတဲ့ မြို့ကြီးတွေနဲ့ အပန်းဖြေစရာနေရာတွေ အများကြီးရှိတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့ အရှေ့တောင် အာရှနိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ ပတ်သတ်ပြီး အကျော်ကြားဆုံး အရာတွေထဲမှာ အစားအသောက်တွေကလည်း မပါမဖြစ်ပါပဲ။ ထိုင်းနိုင်ငံမှာ အရသာရှိတဲ့ အစားအစာတွေ ၊ ထူးခြားတဲ့ ထိုင်းရိုးရာ ဟင်းလျာတွေ ၊ Street Food နဲ့ တခြားသော စားချင်စဖွယ် အချိုပွဲတွေက လာရောက်လည်ပတ်သူတွေကို အဓိက ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ များသောအားဖြင့် ထိုင်းအစားအစာတွေက အချို၊ အစပ်၊ ချဉ်၊ အငန် အစပ်အဟပ်တည့်တဲ့ ထိထိမိမိ အရသာမျိုး ဖြစ်တာကြောင့် မြန်မာပါးစပ်နဲ့လည်း ကိုက်တဲ့ အစားအစာတွေလို့ ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ Land of Smiles လို့ လူသိများတဲ့ ထိုင်းနိုင်ငံရဲ့ လူကြိုက်အများဆုံး အစားအစာ တွေထဲက တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Pad Kra Pao Moo
Photo : Chef’s Pencil
ထိုင်း အစားအစာ တွေထဲမှာ Pad Kra Pao Moo ကတော့ နာမည်အကြီးဆုံးပါပဲ။ နုပ်နုပ်စဉ်းထားတဲ့ ဝက်သားနဲ့အတူ ငရုတ်သီး ၊ ကြက်သွန် ဖြူ ၊ ကြက်သွန်နီ ၊ ပဲစိမ်းနဲ့ ထိုင်းပင်စိမ်း လှိုင်လှိုင်ထည့်ကြော်ပြီး ထမင်းပူပူနဲ့ တွဲစားရတာ ဖြစ်ပါတယ်။ ဒီဟင်းလျာက ထိုင်းလူမျိုးတွေ နေ့တိုင်းနီးပါး စားဖြစ်တဲ့ Classic ဟင်းပွဲတစ်မျိုး ဖြစ်သလို ကမ္ဘာလှည့်ခရီးတွေကြားမှာလည်း အလွန်ရေပန်းစားပါတယ်။
(၂) Tom Kha Gai

Photo : Chef’s Pencil
Tom Kha Gai လို့ခေါ်တဲ့ ဟင်းပွဲကတော့ အုန်းနို့များများနဲ့ နူးညံ့တဲ့ ကြက်ရင်ပုံသားကို ချက်ထားတဲ့ ချဉ်စပ်ဆိမ့်ပြစ် Soup ဟင်းပွဲ ဖြစ်ပါတယ်။ အာရှ မှို ၊ ငရုတ်သီး ၊ ဂျင်း ၊ စပါးလင် ၊ ရှောက်ရွက်နဲ့ နံနံမြစ်တို့ ထည့်ချက်ထားတာကြောင့် လတ်ဆတ်တဲ့ မွှေးရနံနဲ့ ချဉ်ချဉ်စပ်စပ် ဆိမ့်သပ်တဲ့ အရသာ ဟင်းချိုတစ်ခွက် ဖြစ်ပါတယ်။
(၃) Khao Pad

Photo : Chef’s Pencil
Khao Pad ကတော့ ထိုင်းစတိုင် ထမင်းကြော်ပါ။ ဈေးသက်သာပြီး အရသာရှိသလို ထိုင်းနိုင်ငံတစ်ဝှမ်းက စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဆိုင်တွေမှာ အလွယ်တကူ ရနိုင်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ Khao Pad ထိုင်း စတိုင် ထမင်းကြော်ကို များသောအားဖြင့်တော့ ပုဇွန်နဲ့ရောကြော် လေ့ရှိပြီး ကြက်သား ၊ အမဲသား ၊ ဝက်သား နဲ့ သက်သက်လွတ်စတိုင် စသည်ဖြင့် ကြိုက်နှစ်သက်ရာနဲ့ စားလို့ရပါတယ်။
(၄) Pad Thai

Photo : Chef’s Pencil
Pad Thai ကတော့ ထိုင်း အစားအစာ တွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ။ လမ်းဘေးဆိုင်တွေကနေ နာမည်ကြီး စားသောက်ဆိုင်ကြီးတွေအထိ ရနိုင်ပါတယ်။ ခေါက်ဆွဲ ၊ မြေပဲ ၊ ပဲပြား ၊ ပဲပင်ပေါက်နဲ့ အသားတွေကို ရောမွှေကြော်ထည့်ပြီး သံပုရာသီလေးညှစ်ကာ အရသာရှိရှိ သုံးဆောင်ရမှာ ဖြစ်ပါတယ်။ ပုဇွန်နဲ့ အများဆုံးကြော်လေ့ရှိပြီး နှစ်သက်ရာ အသားနဲ့လည်း သုံးဆောင်နိုင်ပါတယ်။
(၅) Moo Satay

Photo : Chef’s Pencil
ဆာတေးက အရှေ့တောင်အာရှတစ်ခွင်မှာ အများဆုံးတွေ့ရတက်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ အသားကို နနွင်း ၊ အုန်းနို့နဲ့ နှက်ထားပြီး မီးကင်ကာ အဆိမ့်အရသာရှိတဲ့ မြေပဲဆော့စ်နဲ့ တွဲဖက်စားရတာ ဖြစ်ပါတယ်။ Moo Satay လို့ခေါ်တဲ့ ဝက်ဆာတေးကတော့ ထိုင်း နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ နာမည်အကြီးဆုံး အစားအစာ တစ်ခု ဖြစ်ပါတယ်။
(၆) Tom Yum Goong

Photo : Chef’s Pencil
Tom Yum ကို Tom Kha Gai နဲ့ အများစုမှားတက် ကြပါတယ်။ သူတို့ နှစ်မျိုးက တူသယောင် ထင်ရပေမယ့် တကယ်တော့ အနည်းငယ်အရသာ ကွဲပြားပါတယ်။ Tom Yum Goong က ချိုချဉ်ငံစပ် အရသာပိုပြီး မျှတမှုရှိတဲ့ ကြည်လင်တဲ့ဟင်းချို ဖြစ်ပါတယ်။ မှို ၊ ခရမ်းချဉ်သီး ၊ စပါးလင်၊ ရှောက်ရွက် ၊ ငရုတ်သီး၊ သံပုရာသီး ၊ ကြက်သွန်နီ ၊ လတ်ဆတ်တဲ့ ပုဇွန်တွေနဲ့အတူ ဟင်းခတ်အမွှေးအကြိုင်တွေကို ရောစပ်ချက်ပြုတ်ထားတဲ့ ထိုင်း အရသာစစ်စစ် ချဉ်ငံစပ်ဟင်းချို ဟင်းလျာဖြစ်ပါတယ်။
(၇) Som Tam

Photo : Chef’s Pencil
ထိုင်း နိုင်ငံရဲ့ သင်္ဘောသီးကတော့ မသိတဲ့လူမရှိလောက်အောင်ကို နာမည်ကြီးပါတယ်။ သင်္ဘောသီးအစိမ်းကို ခပ်ပါးပါးခြစ်ချပြီး ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ ငါးငံပြာရည် ၊ မြေပဲ ၊ ပုဇွန်ခြောက် ၊ ခရမ်းချဉ်သီး ၊ ထန်းလျက် ၊ ပဲသီးစိမ်း နဲ့ သံပုရာသီးတို့ကို ငရုတ်ဆုံထဲမှာ ရောပြွန်ထောင်းထည့်ပြီးစားရတဲ့ ချဉ်ငံစပ် အသုပ်တစ်မျိုး ဖြစ်ပါတယ်။
Featured Photo : Hotels.com

