အမေရိကန် ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Foo Fighters မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ တွဲဖက်တီးခတ်လာခဲ့တဲ့ ဒရမ်သမား တေလာ ဟောကင်းစ်ဟာ အသက် ၅၀ အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“The Foo Fighters မိသားစုတွေအနေနဲ့ ကျွန်တော်တို့ ချစ်ခင်ရတဲ့ တေလာ ဟောကင်းစ် ဆုံးရှုးမှုအတွက် ကြေကွဲဝမ်းနည်းရပါတယ်” လို့ အဖွဲ့ရဲ့ လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ပို့စ်မှာ ရေးထားပါတယ်။ သူ့ရဲ့ ဂီတဝိညာဉ်နဲ့ လူတွေဆီ ရယ်မောပျော်ရွှင်စေခဲ့မှုက ကျွန်တော်တို့နဲ့ အတူ ထာဝရ ရှင်သန်နေမှာပါ လို့လည်း ပို့စ်မှာ ဆိုပါတယ်။

Taylor Hawkins

Photo: KIRO 7

Foo Fighters အဖွဲ့ဟာ လက်ရှိ တောင်အမေရိကားမှာ နယ်လှည့်ဖျော်ဖြေပွဲ Tour အတွက် ရောက်ရှိနေကြပြီး ဟောကင်းစ် ဆုံးပါးချိန်မှာ ကိုလံဘီယာနိုင်ငံ ဘိုဂိုတားက Festival Estereo Picnic မှာ ဖျော်ဖြေဖို့ စီစဉ်ထားတာပါ။ ဘိုဂိုတား မြူနီစီပယ် အစိုးရကလည်း သောကြာနေ့ ညက ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပြီး ရင်ဘတ်နာကျင်မှု လက္ခဏာတွေနဲ့ လူနာတစ်ယောက်ဆက အရေးပေါ် ဖုန်းတစ်ခု လက်ခံရရှိခဲ့ကြောင်း ပြောထားပါတယ်။

လူနာတင်ကားတွေကို Foo Fighters အဖွဲ့ တည်းခိုရာ Four Seasons Casa Medina ဟိုတယ်ကို စေလွှတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေ ဟောကင်းကို အရေးပေါ် အသက်ကယ်တင်မှုလုပ်ခဲ့ပေမယ့် လူနာသေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ ကိုလံဘီယာရှေ့နေချုပ်ရုံးရဲ့ အဆိုအရ ဟောကင်းနဲ့အတူ ဘန်ဇိုဒိုင်ယာဇီပင် ၊ Opioid နဲ့ စိတ်ကျရောဂါသက်သာစေတဲ့ Antidepressants ဆေးတွေအပါအဝင် ဆေးဝါး ၁၀ မျိုးနဲ့အတူ တွေ့ရတယ်လို့ ဆိုပါတယ်။

Photo : AP News

တရားဝင်ဆေးဝါးဆိုင်ရာ အမျိုးသားအင်စတီကျူ့ဒ်အဖွဲ့အနေနဲ့ သေဆုံးရခြင်းအကြောင်းအရင်းကို သေချာစိစစ်နိုင်ဖို့ ဆေးပိုင်းဆိုင်ရာ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဟောကင်းစ်ကွယ်လွန်ကြောင်း သတင်းထွက်ပြီးနောက် ကွယ်လွန်သူ ဒရမ်သမားအတွက် ဂီတလောကသားတွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းကြောင်းပို့စ်တွေ တင်ခဲ့ပါတယ်။

Featured Photo: thewrap