ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဆိုတာ ကိုယ်ပိုင်သီးသီးသန့်သန့်နဲ့ အသုံးပြုရတာမျိုးပါ။ ဘော်ဒါအပေါင်း အသင်း ၊ မိသားစုဝင်တွေနဲ့တောင် မျှဝေမသုံးသင့်တဲ့အထဲမှာ ပါပါတယ်။ ချစ်ခင်ရသူတွေနဲ့အတူ ချစ်ခြင်းမေတ္တာနဲ့ အပြုံးတွေ ဖလှယ်လို့ ရပေမယ့် အခုပြောပြမယ့် ပစ္စည်းတွေကိုတော့ ဘယ်တော့မှ မျှဝေမသုံးမိစေဖို့ သတိကြီးကြီး ပေးချင်ပါတယ်။

(၁) နားကြပ်

Photo : Unsplash

သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေနဲ့ ဘယ်တော့ မျှဝေမသုံးသင့်တဲ့အထဲမှာ နားကြပ်တွေက ထိပ်ဆုံးက ပါပါတယ်။ အကြောင်းကတော့ နားကြပ်တွေကို မျှဝေသုံးစွဲမယ်ဆိုရင် နားပိုးဝင်တာနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကူးစက်နိုင်ခံရနိုင်ခြေ အလွန်များလို့ပါ။ အကယ်၍ ရော်ဘာ သို့မဟုတ် ရေမြှုပ် Cover ပါတဲ့ နားကြပ်တွေကို အသုံးပြုမယ်ဆိုရင်တော့ ရောဂါပိုးမွှားကူးစက်နိုင်ခြေနည်းမှာဖြစ်ပေမယ့် ၎င်းတို့ကို တစ်လလျှင် တစ်ကြိမ်တော့ လဲလှယ်အသုံးပြုပေးဖို့ လိုပါတယ်။

(၂) တဘက်

Towel

Photo : Best Life

CDC (Centre for Disease Control and Prevention) ရဲ့အဆိုအရ ရေစိုတဲ့အဝတ်တွေ ၊ တဘက်နဲ့ မျက်နှာသုတ်ပုဝါတွေကို မျှဝေသုံးစွဲမယ်ဆိုရင် လိင်အင်္ဂါ ပိုးဝင်ခြင်းအပါအဝင် အရေပြားဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်
ကိုယ်ပိုင်သုံး မျက်နှာသုတ်ပုဝါ သို့မဟုတ် တဘက်တစ်ထည် သီးသီးသန့်သန့် ထားသင့်ပြီး အနည်းဆုံး တစ်ပတ်တစ်ကြိမ် မှန်မှန်လျှော်ဖွတ် သန့်စင်ပေးဖို့လည်း လိုပါတယ်။

(၃) ဂျုတ်

Razors

Photo : Purplle

မုတ်ဆိတ်ရိတ်ဂျုတ်တွေ ၊ သင်တုန်းဓားတွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုပြီး ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူ ကပ်ညှိတွယ်နေနိုင်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ဂျုတ်နဲ့ သင်တုန်းဓားတွေကို တခြားသူတွေနဲ့ အတူတူ မျှဝေသုံးစွဲမယ်ဆိုရင် ဘက်တီးရီးယား ၊ မှိုနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်ခြေ များပါတယ်။ American Journal of Infection ရဲ့ လေ့လာမှုအရ ဂျုတ်နဲ့ သင်တုန်းဓားတွေ မျှဝေသုံးစွဲခြင်းကနေ အသည်းရောင်အသားဝါရောဂါ အပါအဝင် အရေပြားမှိုဝင်ခြင်း ၊ ပိုးဝင်ခြင်းတွေအထိ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

(၄) သွားတိုက်တံ

Toothbrush

Photo : Allure

သွားတိုက်တံတွေဆိုတာလည်း တခြားသူတွေနဲ့ လုံးဝမျှဝေမသုံးသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ သွားတိုက်တံ မျှဝေသုံးစွဲတဲ့ ပြဿနာဟာ ချစ်သူစုံတွဲတွေကြားမှာ အဖြစ်များတဲ့ ကိစ္စတစ်ခုလို့ ဆိုထားပါတယ်။ သွားတိုက်တံ မျှဝေသုံးခြင်းဟာ ခံတွင်းအနာ ၊ သွားဖုံးရောဂါနဲ့ ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရနိုင်ခြင်းအပြင် အသည်းရောင်အသားဝါရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၅) ဆပ်ပြာ

Soap

Photo : Brickell Men’s Products

အဓိကအားဖြင့် ကိုယ်တိုက်ဆပ်ပြာတွေ ဖြစ်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာတွေဟာ စိုထိုင်းဆများတဲ့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေ ကပ်ညှိတွယ်နေနိုင်ခြေ ရာခိုင်နှုန်းအများကြီး ရှိနေပါတယ်။ ကိုယ်တိုက်ဆပ်ပြာတွေကို မျှဝေသုံးစွဲတာဟာ ရောဂါပိုးမွှား ကူးစက်ခံရနိုင်ခြေ အများကြီးရှိတဲ့အတွက်ကြောင့် တခြားသူတွေနဲ့ ဘယ်တော့ မျှဝေမသုံးမိစေဖို့ အကြံပေးချင်ပါတယ်။

(၆) ချွေးနံ့ပျောက်ဆေး

Antiperspirants

Photo : Rolling Stone

ချွေးနံ့ပျောက်ဆေး Roll-on တွေဟာလည်း တခြားသူတွေနဲ့ ဘယ်တော့မှ မျှမသုံးသင့်တဲ့ အထဲမှာပါပါတယ်။ Roll-on တွေရဲ့ သဘာဝအရကိုက စေးကပ်ကပ်ရှိပြီး အရေပြားနဲ့တိုက်ရိုက်ထိတွေ့ အသုံးပြုရတာ ဖြစ်တဲ့အတွက် ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။

(၇) လက်သည်းညှပ်

Nail Cutters

Photo : Footfiles

လက်သည်းညှပ်တွေဟာလည်း ထိုနည်း၎င်းပါပဲ။ လက်သည်းညှပ်တွေကို မျှဝေသုံးစွဲမယ်ဆိုရင် အသည်းရောင်အသားအဝါရောဂါ ၊ Staphylococcus Infections နဲ့ ကြွက်နို့လို အရေပြားပြဿနာတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ အကယ်၍ လက်သည်းညှပ်တွေကို အသုံးပြုမယ်ဆိုရင်ပါကလည်း သေချာသန့်စင်ထားတဲ့ ပစ္စည်းကို အသုံးပြုခြင်းက ရောဂါပိုးမွှား ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : VistaCreate