ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းကတော့ လီဗာပူးအသင်း တိုက်စစ်မှူး ဒါဝင်နူနက်ဇ် ကို ယူရို ၅၃ သန်း (ပေါင် ၄၆ သန်း/ဒေါ်လာ ၆၂ သန်း) နဲ့ခေါ်ယူဖို့ ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ အယ်လ်ဟီလယ်က ဒါဝင်နူနက်ဇ်ရဲ့ အပြောင်းအရွေ့အတွက် လီဗာပူးနဲ့ သဘောတူညီ ရထားခဲ့ပြီးဖြစ်ပြီး ကြိုးကြာနီတို့ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။
Photo : Goal.com
နယူးကာဆယ်ကတော့ ဆွီဒင်လက်ရွေးစင်အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေးတစ်ရပ် ဖြစ်လာနိုင်တဲ့ ပေါင် သန်း ၁၅၀ (ဒေါ်လာ သန်း ၂၀၀) တန်ကြေး သတ်မှတ်တောင်းဆိုထားပြီး လီဗာပူးတို့ကတော့ ဥရုဂွေးတိုက်စစ်မှူးကို ရောင်းချခြင်းဖြင့် ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်တင်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါဝင်နူနက်ဇ် ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြောင်းရွေ့ကြေး ပေါင် ၅၇ သန်း (ဒေါ်လာ ၇၆ သန်း) တန်စာချုပ်နဲ့ လီဗာပူးကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ကလပ်အသင်းဘက်ကတော့ ဥရုဂွေးလက်ရွေးစင်အတွက် အသုံးပြုခဲ့တဲ့ ငွေကြေးတွေကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဘင်ဖီကာ တိုက်စစ်မှူးဟောင်းဟာ အန်းဖီးလ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး လီဗာပူးကစားသမားဘဝ တစ်လျှောက်လုံး ပြိုင်ပွဲစုံ ၁၄၃ ပွဲမှာ သွင်းဂိုး ၄၀ သာ သွင်းယူနိုင်ခဲ့သလို လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၉၅ ပွဲကစားထားပြီး သွင်းဂိုး ၂၅ ဂိုးသွင်းယူ ထားပါတယ်။ ပြောင်းရွေ့ကြေး သဘောတူညီမှုရခဲ့ပြီးနောက် လက်ရှိမှာတော့ တိုက်စစ်မှူး နူဒါဝင်နူနက်ဇ် ဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ငှက်ကျားတို့ကတော့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဆွီဒင်လက်ရွေးစင်နေရာမှာ အစားထိုးဖို့ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီအသင်း ကစားသမား ဘရက်ဒလေ ဘာကိုလာကို ဦးစားပေးပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Photo : Goal.com
လီဗာပူးအသင်းကတော့ ယခုသီတင်းပတ်အကုန် ဝင်ဘလေကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မတိုင်မှာ ဒါဝင်နူနက်ဇ်ရဲ့ ဆော်ဒီမြေဆီ အပြောင်းအရွေ့အဆုံးအဖြတ်ကို အပြီးသတ်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။
Source : Goal.com
Featured Photo : Sports Illustrated