စပိန်ဘီလူးကြီး ဘာစီလိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ဒေးဗစ် ဒီဂီယာ ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးကတည်းက ၈ လကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

David de Gea

Photo : Stretty News

ပြီးခဲ့တဲ့ လအတွင်းမှာတော့ ဒီဂီယာ ကိုခေါ်ယူဖို့ အင်္ဂလန်အခြေစိုက် ကလပ်အချို့နဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်ရှာဘက်တို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်းကတော့ နောက်ထပ် ပြောင်းရွေ့မယ့် ကလပ်အသင်းအသစ် ရွေးချယ်ရာမှာ စပိန်မှာဆက်နေဖို့ကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ယခုလအစောပိုင်းတုန်းက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။

စပိန်သတင်းစာတစ်ခုရဲ့ အဆိုအရ ဒီဂီယာဟာ ဘာစီလိုနာအသင်းနဲ့ အလုပ်တွဲလုပ်ဖို့ အလားအလာရှိနေပြီး စပိန်ဘီလူးကြီးတွေကလည်း ယူနိုက်တက် ကြယ်ပွင့်ဟောင်းကို စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် စပိန်သားဟာ ဘဏ္ဍာရေး ပြဿနာရှိနေတဲ့ ကတ်တလန်ကလပ်အတွက် အကျိုးရှိနိုင်ပါတယ်။ ဒီဂီယာ ဟာ ယခင်ဘာစီလိုနာရဲ့ နံပါတ် ၁ ဂိုးသမား စတီဂန် နေရာမှာ အစားထိုးနိုင်ဖွယ် ရှိနေတာပါ။ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ဂိုးသမားဟာ ဆော်ဒီပရိုလိဂ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး နောက်ကျောဒဏ်ရာကြောင့် ဒီရာသီ ၁၇ ပွဲ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

David de Gea

Photo : Manchester Evening News

ဒီဂီယာ ကတော့ ယူနိုက်တက်နဲ့ ၁၂ နှစ်ရာသီအတွင်း ပွဲပေါင်း ၅၄၅ ပွဲ လက်စွမ်းပြကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Featured Photo : The US Sun