“သားကြီးရေ ငါတော့ D ဝင်နေပြီ” ဆိုတဲ့ စကားကို ကြုံဖူးကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် ဒီဘက်ခေတ် ဆိုရှယ်မီဒီယာနဲ့ လူငယ်တွေကြားမှာ Trend ဖြစ်လာတဲ့ စကားလုံးက ဒီပရက်ရှင် (Depression) ဆိုတာပါပဲ။ ဒီပရက်ရှင် (Depression) ဆိုတာ ချိုနဲ့ သတ္တဝါတစ်ကောင် မဟုတ်ရင်တောင် သေချာတာက ကွီးတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တမြည့်မြည့် ချိုးဖဲ့စားသုံးနေတဲ့ အသံတိတ် လူသတ်သမား မကောင်းဆိုးဝါးတစ်ကောင်ပါ။
တနည်းအားဖြင့် ဝမ်းနည်းအားငယ်ခြင်း ၊ အထီးကျန်ခြင်းတွေ ကနေတဆင့် စိတ်ဓာတ်ကျခြင်းဆိုတဲ့ အခြေအနေသို့ ရောက်ရှိလာခြင်းကို ဒီပရက်ရှင် (Depression) စိတ်ကျရောဂါ ဝင်တယ်လို့ ခေါ်ပါတယ်။ စိတ်ကျရောဂါဟာ လူကြီးလူငယ် အသက်အရွယ် အပိုင်းအခြားမရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး စိတ်ထိခိုက်စရာ ကြီးကြီးမားမား ကြုံထားရသူတွေ ၊ မူးယစ်ဆေးနဲ့ အရက်အလွန်အကျွံသုံးစွဲသူတွေနဲ့ မျိုးရိုးဗီဇအရလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ကျရောဂါ သံသယရှိနေပြီဆိုရင် အမြန်ဆုံး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေ ၊ Counselor တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စိတ်ကျရောဂါ / ဒီပရက်ရှင် (Depression) ကို တိုက်ထုတ်အနိုင်ယူနိုင်ဖို့အတွက် လိုက်နာရမယ့် နေထိုင်မှုပုံစံတွေအကြောင်း ပြောပြပေးပါမယ်။
(၁) အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးပါ
Photo : The Wildest
တစ်ခါတစ်ရံမှာ ခွေးလေး ၊ ကြောင်လေးတွေလို အိမ်မွေးတိရစ္ဆာန်လေးတွေက ကွီးတို့အတွက် အကောင်းဆုံး သူငယ်ချင်းဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ကျရောဂါ ခံစားနေသူတွေအဖို့ အထိရောက်ဆုံး ကုထုံးတစ်ခုလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ အားလပ်ချိန်တွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးတာ ၊ သူတို့လေးတွေကို ဂရုစိုက်ပေးတာဟာ အထီးကျန်မှုနဲ့ စိတ်ဓာတ်ကျခြင်း အခြေအနေတွေကို အကောင်းဆုံး ကျော်လွှားနိုင်စေဖို့ ကူညီပေးပြီး ကိုယ့်ကိုယ်ကိုလည်း အာရုံစိုက်မှု ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။
(၂) စိတ်နဲ့ခန္ဓာကို မြှင့်တင်ဖို့ စမတ်ကျကျစားပါ
Photo : Men’s Health
အစားအသောက်ဟာ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် သိပ်ကို အဓိကကျပါတယ်။ ဒီပရက်ရှင် (Depression) ကို ကုသဖို့အတွက် သီးခြား အစားအသောက်ရယ်လို့ မရှိပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသုံးပေးခြင်းက စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်လာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ တစ်နေ့တာ စားသောက်မှုပုံစံထဲမှာ အာဟာရနဲ့ ဗီတာမင်ဓာတ်တွေ ပြည့်စုံမျှတစွာပါဝင်ဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေကို များများစားသုံးပေးဖို့လိုပါတယ်။
လေ့လာမှုအချို့အရ Omega-3 Fatty Acids ဓာတ်နဲ့ ဗီတာမင် B12 တို့ဟာ စိတ်ခံစားချက်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး စိတ်ကျရောဂါကို တွန်းလှန်ရာမှာ အများကြီး အကူညီဖြစ်စေပါတယ်။ Omega-3 Fatty Acids ဓာတ်ရနိုင်တဲ့ ဆယ်လ်မွန်၊ တူနာ ၊မက်ကရယ်တို့လို အဆီများတဲ့ ငါးတွေ ၊ Flaxseed ၊ အခွံမာသီး ၊ ပဲပိစပ်နဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးပါ။ ပင်လယ်စာတွေဟာ ဗီတာမင် B12 အရင်းအမြစ် ဖြစ်ပေမယ့် သားသတ်လွတ်သမားတွေကတော့ ဟင်းသီးဟင်းရွက် ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဖြည့်စွက်စာတွေကို စားနိုင်ပါတယ်။
ဒါ့အပြင် ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေက ဦးနှောက် Chemical Serotonin Level ကို မြှင့်တင်ပေးတာကြောင့် စိတ်ခံစားမှု Mood ကိုကောင်းစေပြီး စိတ်ကျေနပ်ချမ်းမြေ့မှုကို မြှင့်တင်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေ ၊ သစ်သီးတွေနဲ့ အစေ့အဆန်တွေကနေ ကာဗိုဟိုက်ဒရိတ်ဓာတ် ရရှိနိုင်ပါတယ်။
(၃) အနှစ်သက်ဆုံး အားကစားတစ်ခု လုပ်ပါ
Photo : Forbes
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာတွေကို ထိထိရောက်ရောက် တွန်းလှန်ပေးနိုင်ပါတယ်။ ဒီပရက်ရှင် (Depression) ဝင်နေချိန်မှာ အဓိကအားဖြင့် ကိုယ်နှစ်သက်ပျော်ရွှင်တဲ့ လေ့ကျင့်ခန်း သို့မဟုတ် အားကစားနည်းတစ်ခုခုကို ပြုလုပ်ပေးပါ။ ပြေးတာ ၊ ရေကူးတာ ၊ လက်ဝှေ့ကစားတာ ၊ တင်းနစ်ရိုက်တာ ၊ စက်ဘီးနင်းတာ စသည်ဖြင့် ကွီးတို့နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုကို တစ်နေ့ကို နာရီဝက်ခန့် ကစားပေးရပါမယ်။
(၄) ကဖိန်းဓာတ် လျော့သောက်ပါ
Photo : Eat This, Not That
ကွီးတို့က ကဖိန်းဓာတ် စွဲလန်းနေသူတစ်ယောက်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေနဲ့ ရုန်းကန်နေရချိန်မှာ တက်နိုင်သမျှလျော့သောက်ဖို့ အကြံပြုချင်ပါတယ်။ ကဖိန်းဓာတ် အလွန်အကျွံသောက်သုံးတာက စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေပြီး စိုးရိမ်ပူပန်မှုနဲ့ ဖိအားတွေကို ပိုမိုခံစားရစေနိုင်ပါတယ်။
(၅) နေရောင်များများ ထိတွေ့ပါ
Photo : Men’s Health
ရာသီဥတုပိုအေးပြီး နေရောင်သိပ်မမြင်ရတဲ့အချိန်တွေဆို စိတ်ဓာတ်ကျခြင်းတွေဟာ ပိုဆိုးတယ်လို့ ခံစားမိပါသလား။ ဒါဆိုရင်တော့ ကွီးတို့မှာ Seasonal Affective Disorder (SAD) ရှိနေတာ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ အခုလိုဆောင်းရာသီလို ကာလတွေမှာ အဖြစ်များပါတယ်။ ဒီပရက်ရှင် (Depression)ရဲ့ ပုံစံခွဲတစ်ခုဖြစ်တဲ့ SAD ရောဂါကို အလင်းကုထုံးလို့ခေါ်တဲ့ နေရောင်ခြည်နဲ့ များများထိတွေ့ ပေးခြင်းနည်းနဲ့ ကုစားနိုင်သလို ဗီတာမင် D ဖြည့်စွက်စာတွေ ၊ ဆေးဝါးတွေ မှီဝဲခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။
ဒီပရက်ရှင် (Depression) ဝင်နေချိန်မှာ မိသားစုနဲ့တက်နိုင်သမျှ အဆက်အချိတ်မိမိနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်သင့်သလို စိတ်ကို Relax ဖြစ်စေမယ့် အရာတွေ ၊ စိတ်ပျော်ရွှင်စေမယ့် ဝါသနာလေးတွေကို ဦးစားပေးပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ အိပ်ရေးဝဝအိပ်စက်အနားယူပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ စားသောက်မှုပုံစံတွေကိုလည်း ကျန်းမာရေးနဲ့အညီ ပြုမူနေထိုင်ဖို့ လိုပါတယ်။ စိတ်ကျရောဂါဟာ ဟာသတစ်ခုမဟုတ်သလို မြိုသိပ်ဖုံးကွယ်ထားရမယ့် အခြေအနေတစ်ခုလည်း မဟုတ်တာကြောင့် Depression ရနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ဖို့နဲ့ အကူညီတောင်းခံဖို့ ဘာမှလက်မတွန့်နေဖို့ မှာချင်ပါတယ်ဗျ။
Featured Photo : Unsplash