ဒီနေ့ခေတ် ကုန်ဈေးနှုန်းတွေ အတက်ကြမ်းလာပေမဲ့ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကတော့ ဈေးပေါလာတယ်လို့ ပြောရမလိုပါပဲ။ အခုချစ် အခုကွဲ ၃ လခံ ၊ ၆ လခံ အချစ်တွေကလည်း ခပ်များများရယ်ပါ။ အဘက်ဘက်က ဖိအားများတဲ့ ခေတ်သစ်လူမှု့ဘဝ ပုံစံခွက်ထဲမှာ မေတ္တာတရားတွေ ခေါင်းပါးလာမှုနဲ့အတူ သစ္စာဖောက်ဖို့ဆိုတာ အလွယ်ဆုံး အခြေအနေတစ်ခု ဖြစ်လာနေတာတွေကလည်း ဒီဘက်ခေတ် ချစ်သူစုံတွဲတိုင်း ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲရခြင်းထက် ဒီဘက်ခေတ် ချစ်သူစုံတွဲ တွေကြားမှာ အဖြစ်များတဲ့ လမ်းခွဲခြင်း ၊ ကွာရှင်းပြတ်စဲရခြင်း အကြောင်းတရားတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဖောက်ပြန်ခြင်း
Photo : Pexels
ဒီဘက်ခေတ် ချစ်သူစုံတွဲတွေကြားမှာ အကြားရဆုံး ပြဿနာတစ်ခုပါပဲ။ ခြံခုန်တဲ့ ဇာတ်လမ်း ၊ နွားကျောင်းတဲ့ ဇာတ်လမ်းတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတာပါ။ အွန်းလိုင်းပေါ်မှာ လူသိရှင်ကြား အုံ့အုံ့ကြွတ်ကြွတ် ဖြစ်သွားရတဲ့ ပွဲတွေမက ပြင်ပလောကမှာ လူမသိသူမသိ ဖောက်ပြန်ခံလိုက်ရသူတွေလည်း ထုနဲ့ဒေးရှိပါတယ်။ သစ္စာဖောက်တယ် ၊ ဖောက်ပြန်တယ်ဆိုတာ ယောကျာ်း / မိန်းမ လက်ခံပေးလို့မရတဲ့ အကြီးဆုံး အမှားတစ်ခုပါပဲ။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို အပြီးတိုင်အဆုံးသတ်သွားစေနိုင်သလို ခံရသူအဖို့ စိတ်နှလုံးကြေကွဲရတဲ့ အဆိုးဆုံး လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။
(၂) ဖိအားများခြင်း
Photo : Pexels
ဒီဘက်ခေတ် လူအများစုဟာ အဘက်ဘက်က ဖိအားများတဲ့ ခေတ်သစ်လူမှု့ဘဝ ပုံစံခွက်ကြီးထဲမှာ ကူးခတ်ဖြတ်သန်း နေကြရသူတွေပါ။ အလုပ် ၊ စီးပွားရေး ၊ မိသားစု နဲ့ ပေါင်းသင်းဆက်ဆံရေး အစစအရာရာမှာ ဖိအားတွေ ရှိကြပါတယ်။ ဖိအားတွေရဲ့ နောက်ကွယ်မှာ မွန်းကြပ်မှုနဲ့ ဒေါသတွေက အမြဲကပ်ပါလာတက်တာပဲ မဟုတ်လား။ ဒီလိုအခြေအနေမှာ သည်းခံနိုင်စွမ်းတွေလျော့လာတယ် ၊ ညစ်တွန်းတွန်းတဲ့ လုပ်ရပ်တွေ လုပ်လာမိကြပါတယ်။ အကျိုးဆက်ကတော့ ကိုယ့်ရဲ့ အိမ်ထောင်ရေး ၊ အချစ်ရေးမှာပါ အဆင်မပြေမှုတွေ များလာပြီး လမ်းခွဲပြတ်စဲခြင်းနဲ့ ကွာရှင်းခြင်းဆိုတဲ့ အခြေအနေတွေအထိ ရောက်သွားစေတာ ဖြစ်ပါတယ်။
(၃) အဆိပ်အတောက် ပတ်ဝန်းကျင်တစ်ခု ရှိခြင်း
Photo : Pexels
Relationship တစ်ခုမှာ ချစ်သူနှစ်ဦးက အဓိကဇာတ်ဆောင်တွေဖြစ်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဒဏ်တွေကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ ကိုယ့်အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေနဲ့ ခင်မင်ရသူတွေထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ Toxic People တွေ ရှိနေရင် ကိုယ့်ရဲ့ Relationship အပေါ် တိုက်ရိုက်မဟုတ်တောင် သွယ်ဝှိုက်သောနည်းနဲ့ ရိုက်ခတ်မှု ရှိစေပါတယ်။ ဒီဘက်ခေတ် စုံတွဲတွေကြားမှာ ပတ် ဝန်းကျင်ရဲ့ သွေးထိုးစကားတွေ ၊ စနှိုက်ကြော် ဇာတ်လမ်းနဲ့ ပန်းနုသွေးချင်တဲ့ စည်းမစောင့်သူတွေ ၊ ကိုယ့်ရဲ့လက်တွဲဖော် အပေါ် လေးစားမှုမရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကြောင့် အချစ်ရေးအဆင်မပြေတာ ၊ လမ်းခွဲရတာတွေ အရမ်းကို များလာပါတယ်။
(၄) ဆက်သွယ်မှု အားနည်းခြင်း
Photo : Pexels
ဒီပြဿနာဟာ အချိန်ကြာကြာ လက်တွဲလာတဲ့ ချစ်သူစုံတွဲတွေမှာ အဖြစ်များပါတယ်။ တိတ်ဆိတ်မှုဟာ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခု မဟုတ်ပါဘူး။ ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုမှာ အရေးကြီးဆုံးက ဆက်သွယ်မှု ရှိဖို့ပါပဲ။ ချစ်သူနှစ်ဦးအတွက် ကောင်းမွန်တဲ့ ဆက်သွယ်မှုတစ်ခုမရှိရင် အေးစက်စက်ကော်ဖီတစ်ခွက်ကို သောက်ရသလို အထီးကျန်ခြင်း ၊ ဝမ်းနည်းခြင်းတွေ ကြီးစိုးထားတဲ့ ခံစားချက်တွေ ပြည့်နှက်နေပါလိမ့်မယ်။ နွေးထွေးမှု ၊ ကြင်နာမှု ၊ အထိအတွေ့နဲ့ စကားလုံးတွေဟာ ချစ်သူနှစ်ဦးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်မှုတွေပဲ ဖြစ်ပါတယ်။ ဆက်သွယ်မှု အားနည်းခြင်းဟာ ဒီဘက်ခေတ် စုံတွဲတွေကြားမှာ အဖြစ်များတဲ့ လမ်းခွဲရခြင်း အကြောင်းတရားတွေထဲက တစ်ခုပါပဲ။
Featured Photo : Pexels