အခုဧပြီလကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်ခုန်ရမယ့် အထူးစပယ်ရှယ်လ တစ်လလို့ ပြောရမှာပါပဲ။ ရုပ်ရှင်ချစ်သူတွေအနေနဲ့ ဒီလထဲမှာ သေချာပေါက် စောင့်ကြည့်သွားရမယ့် စိတ်ဝင်စားစရာ ဇာတ်ကား သစ်တွေ အများကြီးထွက်ဖို့ ရှိနေပါတယ်။ ဒီထဲကမှ လက်ရှိမထွက်ခင်ကတည်းက ကမ္ဘာတဝှမ်းမှာရှိတဲ့ ရုပ်ရှင်ချစ်သူတွေကြားမှာ စိတ်ဝင်တစား လူပြောများနေတဲ့ ဇာတ်ကားကောင်း အချို့ကို ရွေးချယ်တင်ဆက်ပေးပါမယ်။

(၁) Warfare

Source : A24

အီရတ်စစ်ပွဲအကြောင်းကို ရိုက်ကူးထားတဲ့ ခေတ်သစ်စစ်ရုပ်ရှင် ဇာတ်ကား  ဖြစ်ပါတယ်။ ရန်သူ့နယ်မြေထဲမှာ တာဝန်ကျတဲ့ အမေရိကန်ရေတပ် တပ်စုတစ်ဖွဲ့ရဲ့ စောင့်ကြည့်ရေး မစ်ရှင်တစ်ခု နောက်ကွယ်က အဖြစ်အပျက်တွေကို ကြည့်ရှု့ခံစားရမှာပါ။ တော်ရုံ ဘယ်သူမှ ပြန်ပြောပြမှာ မဟုတ်တဲ့ တကယ့်စစ်မြေပြင်အတွင်းက နဖူးတွေ့ဒူးတွေ့ အတွေ့အကြုံအစစ်စစ်ကို ဖြတ်သန်းခဲ့ရသူတွေရဲ့ အမှတ်ရစရာ ဖြစ်ရပ်တွေအပေါ် အခြေခံရိုက်ကူး ထားပါတယ်။

(၂) Sacramento

Source : Vertical

ဖခင်ဆုံးပြီးတဲ့ နောက်မှာ Los Angeles ကနေ Sacramento ကို ခရီးထွက်ဖို့ စီစဉ်ကြတဲ့ သူငယ်ချင်း ၂ ယောက် ၊ လက်ရှိ ၂ ယောက်လုံးက စိုးရိမ်သောကတွေနဲ့ ဗျာများနေရတဲ့ ဘဝတွေကို ကိုယ်စီဖြတ်သန်း နေရသူတွေ ၊ သူတို့ရဲ့ အတိတ်က အမှားတွေကို ဖြေရှင်းပြီး အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ မေးခွန်းထုတ်ကြရင်း ဘာတွေတလွဲ လုပ်ကြမလဲ ? ဒီဇာတ်ကားလေးက သူငယ်ချင်း ၂ ယောက်ရဲ့ဆက်ဆံရေး ၊ တလွဲဖြစ်ရပ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရင်းကြည့်ရမယ့် Comedy ရုပ်ရှင်ဇာတ်ကားလေး ဖြစ်ပါတယ်။

(၃) Drop

Source : Universal Pictures

ရိုမန်တစ်ဆန်တဲ့ ညနေခင်းလေးမှာ ပထမဆုံး First Date လုပ်တဲ့သူကို သတ်ပစ်ဖို့ ခြိမ်းခြောက်စာ ဝင်လာရင် ကွီးတို့ရော ဘာဆက်လုပ်မလဲ ? ဒီဇာတ်ကားက သားဖြစ်သူနဲ့ အတူနေထိုင်ရင်း တစ်ကိုယ်တည်း ဖြတ်သန်းလာတဲ့ အမျိုးသမီးတစ်ဦး ၊ နှစ်တွေအကြာကြီးနေမှ ပထမဆုံး အမျိုးသားတစ်ယောက်နဲ့ ဒိတ်ဖို့ ချိန်းတဲ့အခါ ၊ အဲ့ဒီအမျိုးသားကို သတ်ဖို့ ဖုန်းထဲကနေ ထူးဆန်းတဲ့ စေခိုင်းမှုတွေ ပို့ခံရတယ် ၊ ခိုင်းတဲ့အတိုင်း မလုပ်ရင် သားဖြစ်သူကို သတ်မယ်လို့ အကြပ်ကိုင်ခံရတယ် ဆိုတော့ သူမအနေနဲ့ ဘာဆက်လုပ်မလဲ ? ဖုန်းထဲက ခိုင်းတဲ့အတိုင်း ဒိတ်လုပ်တဲ့ အမျိုးသားကို သတ်မလား ? ဒီဇာတ်ကားက ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ကြည့်ရှုရမယ့် လျှို့ဝှက်ဆန်းကြယ် ၊ သည်းထိတ်ရင်ဖိုစရာ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

(၄) The Amateur

Source : 20th Century Studios

အက်ရှင်ဇာတ်ကား ကောင်းကြိုက်တဲ့သူတွေ လက်မလွှတ်တမ်း ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ လန်ဒန်က အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုအတွင်းမှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ CIA ဝန်ထမ်းတစ်ယောက် ၊ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး အထက်လူကြီးကို အရေးယူပေးဖို့ ပြောပေမယ့် ငြင်းပယ်ခံရတဲ့အခါမှာ ၊ ပြစ်ဒဏ်ကျုးလွန်သူတွေကို ကိုယ်တိုင်ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ် ၊ ဇနီးဖြစ်သူရဲ့အသက်ကို နှုတ်ယူသွားသူတွေအတွက် သူ့ရဲ့ လက်စားပြန်ချေမယ့် ခရီးစဉ်က ထင်သလောက်လွယ်ကူပါ့မလား ? ရုပ်ရှင်ဝါသနာအိုးတွေ အမှန်အကန် စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။

Source : Rotten Tomatoes

Featured Photo : What’s on Netflix