စိုးရိမ်သောက ဆိုတာ ထုထည် အကြီး/အသေး ကွာရင်သာ ရှိမယ်။ လူတိုင်း တွေ့ကြုံနေရတဲ့အရာ ဖြစ်ပါတယ်။ သောကဟာ ပုံစံမျိုးစုံနဲ့ လာနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သောကနဲ့ ကြုံတိုင်း လွန်လွန်ကဲကဲ မခံစားမိစေဖို့နဲ့ သောကကြောင့် ဥပဒ်မရောက်စေဖို့ ဒီနည်းလေးတွေ သိထားဖို့ လိုပါတယ်။

(၁) သောကရဲ့ အရင်းအမြစ်ကို ကြည့်ပါ

Photo : LinkedIn

ခေါင်းအေးသွားတာနဲ့ ဘာကြောင့် သောကဖြစ်တာလဲဆိုတာ ကြည့်ဖို့ လိုပါတယ်။ အကြောင်းရင်းကလည်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို သိရင် တစ်ချို့ကိစ္စတွေက စိတ်ပူလောက်အောင် မတန်ဘူးလို့လည်း တွေ့နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်ဘာကို စိတ်ပူနေတာလဲ။ ကိုယ်စိတ်ပူနေတဲ့ အကြောင်းအရင်းကရော ရေရေရာရာ ရှိရဲ့လား သိဖို့ ဖြစ်ပါတယ်။

(၂) အာရုံစိုက်ပြီး အတွေးတွေ ငြိမ်းပါ


Photo : Life Choice

သောကဖြစ်ချိန်မှာ စိတ်ဟာ ယောက်ယက်ခတ်ပြီး ဆောက်တည်ရာမရ ဖြစ်နေတတ်ပါတယ်။ သောကတွေ များပြီး ခေါင်းထဲ ရှုပ်ထွေး ကျပ်တည်းလာရင် မျက်လုံးကို အသာပိတ်ပြီး အသက်ရှုမှုပေါ် စိတ်စိုက်ထားသင့်ပါတယ်။ ခေါင်းထဲမှာ ပေါ်လာနေတဲ့ အတွေးတွေ အပြင်လူတစ်ယောက်အနေနဲ့ သိအောင် ကြည့်ပြီး အသက်ရှုမှုကို အာရုံပြန်ထားဖို့ လိုပါတယ်။ ၅ မိနစ်လောက် လုပ်လိုက်မယ်ဆိုရင် သောကဟာ သိသိသာသာ သက်သာလာတာတွေ့ရပါလိမ့်မယ်။

(၃) ကောင်းတဲ့အပိုင်းက ကြည့်ပါ


Photo : We’re just numbers to them – Rethink Mental

စိုးရိမ်သောက ဖြစ်စေတဲ့ အရာဟာ တစ်ချိန်တည်းမှာ ဆန့်ကျင်ဘက် အ‌ခြေအနေတွေ သယ်ဆောင်လာ တတ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်စိတ်ပူရတဲ့ အရာက ကိုယ့်အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့အပိုင်းကို ရှာတတ်တာဟာ မျှော်လင့်ချက်ရှိတဲ့ အပြုသဘော စိတ်အခြေအနေ ဖြစ်ပါတယ်။ ဒီလို စိတ်အခံနဲ့ နေရင် သောကနည်းပါတယ်။

(၄) သောကကို တန်ဖိုးဖြတ်ပါ


Photo : Recovery Research Institute

နောက်တစ်ချက်က ကိုယ်စိတ်ပူတဲ့ အကြောင်းအရာဟာ တကယ်ပဲ စိုးရိမ်သောက ဖြစ်လောက်အောင် ကြီးတဲ့ အပူလားဆိုတာလည်း သိအောင် လုပ်သင့်ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ ရှောင်လို့ရသလား ၊ မဖြစ်မနေ ရင်ဆိုင်ရမလား ၊ ဖြေရှင်းလို့ ရသလား။ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူးလားဆိုတာပါ စစ်စစ်ပေါက်ပေါက် အေးအေးဆေးဆေး အဖြေရှာသင့်ပါတယ်။ ကိုယ်ဖြေရှင်းလို့လည်း မဖြစ်နိုင်တဲ့ အရာဆိုရင် သောကအဖြစ်ခံမယ့်အစား အကောင်းဆုံး လက်ခံဖို့ပဲ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Source : Mental Health Foundation

Featured Photo : John O’Groat Journal