မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစား ဗန်ဒီဘိခ် ဟာ ယခုလအစောပိုင်းက အိုးလ်ထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ကြောင့် ရာသီကုန်အထိ အနားယူတော့မှာဖြစ်ကြောင်း ကလပ်အသင်းဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်

Photo : The US Sun

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်း မပြီးခင်အချိန်မှာပဲ ဗန်ဒီဘီခ် တစ်ယောက် ဘုန်းမောက်နောက်ခံကစားသမား မားကိုစ့် စီနီဆီကို ကျော်ဖြတ်စဉ် အခုလို ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ စောစီးစွာထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဗန်ဒီဘီခ်ရဲ့ ဒဏ်ရာအခြေအနေကို သိရဖို့ ယူနိုက်တက်အသင်းအနေနဲ့ ၁၀ ရက်နီးပါး အချိန်ယူစောင့်ကြည့်ခဲ့ရပြီး သတင်းကောင်းကတော့ ခွဲစိတ်ကုသမှုခံယူအပြီးမှာ ဒူးအရွက်ပျက်စီးသွားခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း နည်းပြတန်ဟက်ကတော့ နယ်သာလန်ကစားသမားဟာ ရာသီကုန်အထိ ခြောက်လလောက် အနားယူရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဗန်ဒီဘီခ် ရဲ့ ဒဏ်ရာအခြေအနေဟာ အနာဂတ်မှာပြန်လည်ကောင်းမွန် လာဖွယ်ရှိနေပြီး လာမယ့်ရာသီကြိုကာလအတွင်း ပြန်လာနိုင်လိမ့်မယ်လို့ နည်းပြတန်ဟက် ပြောခဲ့ပါတယ်။

ဗန်ဒီဘိခ်

Photo : Sports Mole

ဗန်ဒီဘီခ် ကတော့ ခွဲစိတ်မှုအပြီးမှာ ဆေးရုံကနေ ကိုယ်တိုင် လက်မထောင်နေတဲ့ ပုံနဲ့အတူ ” ကျွန်တော့်အတွက် ရာသီပြီးဆုံးသွားတာတော့ တကယ်ကို စိတ်ပျက်မိပါတယ်။ ခွဲစိတ်မှုအောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဆိုတော့ အခုက ကျွန်တော်ရဲ့ ကြံ့ခိုင်ရေးအစီအစဉ်တွေ ပြန်လည် စတင်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော် ဒီအသင်းအတွက် ပိုအားကောင်းလာဖို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ နွေးထွေးတဲ့ မက်ဆေ့ချ်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါတွေက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် အများကြီး အဓိပ္ပာယ်ရှိစေပါတယ်”လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားဟာ ၂၀၂၀ ခုနှစ်မှာ အေဂျက်စ်ကနေ ပေါင် ၃၅ သန်းနဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ရာသီဒုတိယဝက်မှာလည်း အဲဗာတန်အသင်းကိုအငှားနဲ့ သွားရောက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

Featured Photo : Daily Mail