Sneaker ဖက်ရှင်လောကမှာ ထိပ်ထိပ်ကြဲ ထိပ်တန်းအမှတ်တံဆိပ်ကြီး နှစ်ခုဖြစ်တဲ့ Louis Vuitton နဲ့ Nike တို့ ပေါင်းပြီး ဖန်တီးထားတဲ့ Sneaker တွေကို Sotheby’s မှာ စံချိန်တင်ဈေးနဲ့ လေလံ တင် ရောင်းချသွားခဲ့ပါတယ်။

၂၀၂၁ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ နာမည်ကျော် ဒီဇိုင်နာ ဗာဂီးလ် အက်ဘ်လို့ရဲ့ လက်ရာဖြစ်တဲ့ Sneakers တွေကို လေလံတင် ရောင်းချသွားတာပါ။ အမေရိကန်ဖက်ရှင် ဒီဇိုင်နာ ဗာဂီးလ် အက်ဘ်လို့ဟာ Louis Vuitton ရဲ့ အမျိုးသားဝတ်ဒီဇိုင်းပိုင်း အနုပညာဒါရိုက်တာလည်း လုပ်ခဲ့တဲ့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာကြီး ဖြစ်ပါတယ်။

LV x Nike Air Force 1 Collection

Photo : manofmany

ဗာဂီးလ် အက်ဘ်လို့ ဒီဇိုင်း ထုတ်ခဲ့တဲ့ Nike x Louis Vuitton Air Force 1 Sneaker ၂၀၀ ကို လေလံတင်ခဲ့ရာမှာ ဒေါ်လာ ၂၅.၃ သန်း နဲ့ ရောင်းထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ Nike နဲ့ ပေါင်းပြီး ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း သူဖန်တီးခဲ့တဲ့ အထဲမှာ Air Force 1 ၊ Air Jordan နဲ့ Air Vapor Max တို့လို Nike ရဲ့ အိုင်ကွန်အမှတ်တံဆိပ် Sneakers တွေ ပါဝင်ခဲ့ပါတယ်။

Sotheby’s မှာ လေလံတင်သွားတဲ့ Louis Vuitton x Nike Air Force 1 Sneaker တွေကို ဇန်နဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီ ၈ ရက်နေ့အတွင်း ဖြန့်ချိထားတာ ဖြစ်ပြီး Sneaker စုဆောင်းသူတွေအတွက် လေလံပြန်တင်ခဲ့တာပါ။ ယောင်္ကျားစီးဆိုဒ် US 5 ကနေ US 18 အထိ ပါပြီး လေလံဈေး ကြမ်းခင်း ဒေါ်လာ ၂၀၀၀ ကနေ စတင်ခဲ့တာပါ။ တကယ်တမ်း ရောင်းထွက်ချိန်မှာ အနည်းဆုံး ဒေါ်လာ ၇၅၆၀၀ ကနေ ဒေါ်လာ ၃၅၂၈၀၀ အထိ ရခဲ့ပါတယ်။

LV x Nike Air Force 1 Sneakers တွေကို နွားကလေးသားရေနဲ့ ထုတ်ထားပြီး လိမ္မော်ရောင် လယ်သာဗူးနဲ့ ထုတ်ထားတာပါ။ Sneakers အများစုမှာ Maison ရဲ့ အမှတ်လက္ခဏာ Damier ကင်းဗတ်စ်နဲ့လာပြီး စုစုပေါင်း ဒေါ်လာ ၂၅ သန်းကျော်နဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်လို့ ပျမ်းမျှ တစ်ရံကို ဒေါ်လာ ၁ သိန်းကျော် ဈေးနဲ့ ရောင်းထွက်သွားတာ ဖြစ်ပါတယ်။

shoe-case

Photo : manofmany

တစ်ရံဈေးနဲ့ အမြင့်ဆုံးရသွားတဲ့ Sneaker ဟာ ယောကျာ်းစီး နံပါတ်ငါး ဆိုဒ်ပဲ ရှိပြီး ဒေါ်လာ ၃၅၂၈၀၀ ဈေးနဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒါဟာ မူရင်း ခန့်မှန်းတန်ဖိုးထက် ၂၃ ဆ ပို ရခဲ့တာ ဖြစ်ပါတယ်။ ဈေးအနည်းဆုံးနဲ့ ရောင်းထွက်ခဲ့တဲ့ Sneaker ဟာ ယောကျာ်းစီး 6.5 ဆိုဒ်ဖြစ်ပြီး ဒေါ်လာ ၇၅၆၀၀ ဈေးနဲ့ ရခဲ့တာ ဖြစ်ပြီး Sotheby’s က အမြင့်ဆုံး ဒေါ်လာ ၁၅၀၀၀ ရမယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။

အစောပိုင်းက Sotheby က ဒီလက်ရာ Sneakers တွေကို ဒေါ်လာ ၃ သန်းနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်ခဲ့ပြီး တကယ် ရောင်းချချိန်မှာ ခန့်မှန်းတန်ဖိုးထက် ၈ ဆကျော် ပိုများတဲ့ ဈေးနဲ့ ရောင်းထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Sotheby’s ရဲ့ အဆိုအရ ဒါဟာ Sneaker နဲ့ ဖက်ရှင်လေလံပွဲအတွက် အများပြည်သူအကြားမှာ အမြင့်ဆုံးဈေးနဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Featured Photo : manofmany