ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ပါ။ နည်းပညာ တွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတွေ အတွက် နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံဟာလည်း ပြောင်းလဲတိုးတက်လာပြီး နေ့စဉ်ဘဝတွေက ပိုမိုလွယ်ကူလာတာတော့ ကျွန်တော်တို့ ကိုယ်တွေ့ပဲ မဟုတ်ပါလား။ သို့သော်လည်း နည်းပညာကြောင့် ကောင်းကျိုးတွေချည်း ရနေတာမဟုတ်ဘဲ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုသကဲ့သို့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ အနည်းနဲ့အများ ရှိနေပါသေးတယ်။ ဒါ့အပြင် နည်းပညာတွေကို လူသားတွေက တီထွင်ဖန်တီးပြီး ပိုမိုတိုးတက်လာအောင် ကြံဆောင်ကာ လူသားတွေကပဲ ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်သော်လည်းပဲ နည်းပညာက ရော လူသားတွေကို သွယ်ဝိုက်သွားအားဖြင့် ချယ်လှယ် ထိန်းချုပ် နေတာမျိုးရော မဖြစ်နိုင်ဘူးလား။

အချိန်နဲ့ ပျော်ရွှင်မှုကို နည်းပညာက ထိန်းချုပ် နေပါသလား

နည်းပညာက ထိန်းချုပ်

Photo : NPR

အခုဆိုရင် လူတော်များများက မနက်မိုးလင်းတာနဲ့အမျှ အရင်ဆုံး ဖုန်းကို ကောက်ကိုင်တတ်ကြတယ် မဟုတ်ပါလား။ ဒီအထဲမှာ စာရေးသူလည်း အပါအဝင်ပါပဲ။ နည်းပညာရဲ့ တိုးတက်လာတဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ စမတ်ဖုန်းတွေက တော်တော်လေး စွမ်းဆောင်ရည် မြင့်မားလာတဲ့အပြင် စမတ်ဖုန်းများနဲ့ ဆိုရှယ်မီဒီယာများကို အသုံးပြုမှုများပြားလာကြပြီး စွဲလမ်းလာကြပါတယ်။ ဒီလို စွဲလမ်းလာမှုနဲ့အတူ ကျွန်တော်တို့ရဲ့ အချိန်တွေက ထိုအထဲမှာ ကုန်ဆုံးလာပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်ခဲ့ရင် ကိုယ့်ရဲ့လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာနိုင်ပါတယ်။ ပိုမိုပြင်းထန်လာပါက ကိုယ့်ရဲ့ဘဝတိုးတက်ရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ကုန်နေခြင်းက စိတ်ပိုင်းဆိုင်ရာအပေါ်ကို သက်ရောက်မှုရှိပြီး ပျော်ရွှင်မှုကို ထိခိုက်စေတယ်လို့ လေ့လာမှုများအရ ဆိုပါတယ်။

အလုပ်အကိုင်နေရာများကို ထိန်းချုပ်လာနိုင်မလား

နည်းပညာက ထိန်းချုပ်

Photo : Analytics Insight

AI ရဲ့ လုပ်ဆောင်နိုင်မှုတွေက တစ်နေ့တစ်ခြား တိုးတတ်ကောင်းမွန်လာနေတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့နေရာများလည်း လူသားများအစား စက်ရုပ်တွေ၊ AI နည်းပညာတွေကို အသုံးပြုဖို့ ကြိုးစားနေလျက်ရှိပါတယ်။ လူသားတွေအတွက် အန္တရာယ်များတဲ့ အလုပ်တွေကို နည်းပညာသုံး စက်ရုပ်တွေကို အစားထိုးပြီး အသုံးပြုလာနိုင်တာက နည်းပညာဖွံဖြိုးမှုရဲ့ ကောင်းမွန်တဲ့ ရလာဒ်တစ်ခုပါပဲ။ သို့သော်လည်း နောက်ပိုင်းမှာ လုပ်ငန်းခွင်များတွင် ကုန်ကျစရိတ်ပိုနည်းပြီး ပိုမိုမြန်ဆန်တိကျတဲ့ စက်ရုပ်တွေကို အစားထိုးအသုံးပြုမှု များပြားလာနိုင်တယ်ဆိုတဲ့ အချက်က လူသားတွေရဲ့ အလုပ်အကိုင်ရှားပါးမှုကို ဖြစ်လာစေပါတယ်။

ပေါင်းသင်းဆက်ဆံရေးကို ထိန်းချုပ်လာနိုင်မလား

Photo : Wire Tech World

ယခုအခါ ကျွန်တော်တို့ကို အဖော်ပြုပေးမယ့် နည်းပညာသုံး စက်ရုပ်လေးတွေ၊ အသုံးအဆောင် ပစ္စည်းလေးတွေကလည်း တိုးတက်များပြားလာပါတယ်။ ဒီလိုစက်ရုပ်လေးတွေ ရှိခြင်းကြောင့် လူများနဲ့ မဆက်ဆံချင်တဲ့သူတွေ၊ အထီးကျန်နေတဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကျိုးပြုသော်လည်း လူသားချင်းဆက်ဆံမှုကို ပိုမိုဝေးကွာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာများ အသုံးပြုမှုကြောင့် ကိုယ့်ပတ်ဝန်းကျင်ရှိလူများနဲ့ ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်မှုနဲ့ အလေးပေးမှုလျော့ကျကာ ဆက်ဆံရေးမှာ မပြေလည်မှုတွေ ခံစားရနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကျွန်တော်တို့အပေါ် နည်းပညာရဲ့ သက်ရောက်မှု တစ်နည်းအားဖြင့် သွယ်ဝိုက်သော ထိန်းချုပ်မှုများထဲက အချို့လို့ဆိုနိုင်တယ် မဟုတ်ပါလား။ နောင်မဝေးတော့တဲ့ အနာဂတ်မှာ နည်းပညာတွေ ပိုမို အရှိန်အဟုန်နဲ့ မြင့်မားလာပြီး လူသားတွေအပေါ်မှာ ဘက်ပေါင်းစုံကနေ အလုံးစုံ ထိန်းချုပ်လာနိုင်သလား (သို့မဟုတ်) နည်းပညာကပဲ လူသားများကို ပြန်လည်ခိုင်းစေနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါပဲ။ ကွီးတို့ရဲ့ ထင်မြင်ယူဆချက်များကိုလည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : Tycoonstory, Dyopath

Featured Photo : Tech