ဒီနေ့ခေတ်က နည်းပညာခေတ်ဖြစ်ပြီး ကျွန်တော်တို့ လူသားတွေက တိုးတက်လာတဲ့ နည်းပညာနဲ့အတူ အလိုအလျောက် လိုက်လျောညီထွေဖြစ်စွာ နေထိုင်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ စမတ်ဖုန်း၊ လက်ပ်တော့နှင့် တီဗီကဲ့သို့သော ရိုးရှင်းသောစက်ပစ္စည်းများမှသည် သတိမထားမိသော နောက်ခံနည်းပညာများနဲ့ အဆင့်မြင့် နည်းပညာများအထိ နေရာတိုင်းမှာ နည်းပညာများ အသုံးပြုမှု ရှိနေပါတယ်။ နည်းပညာကြောင့် လူသားတွေရဲ့ နေ့စဉ်ဘဝက ပိုမိုအဆင်ပြေချောမွေ့လာပြီး ကိစ္စရပ်တော်တော်များများမှာ လွယ်ကူလာတယ်ဆိုတာ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဒါ့အပြင် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တဲ့ နည်းပညာများကိုလည်း တွေ့မြင်အသုံးချခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာ ကြောင့် မကောင်းသော အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီနေ့မှာတော့ နည်းပညာနဲ့အတူ ယှဉ်တွဲနေတဲ့ လူသားတို့ရဲ့ နေ့စဉ်ဘဝကို ခွဲခြမ်းစိတ်ဖြာကြည့် လိုက်ရအောင်။

အရင်ဆုံး နည်းပညာရဲ့ အပြုသဘောဆောင်တဲ့ ရှုထောင့်ကို လေ့လာကြည့်လိုက်ရအောင်။

စီးပွားရေးကို ပိုမိုတိုးတက်အောင် အကျိုးပြုနိုင်တယ်

နည်းပညာနဲ့အတူ နေ့စဉ်ဘဝကို

Photo : Bernard Marrs

နည်းပညာ တိုးတက်လာမှုနဲ့အတူ ဆက်သွယ်ရေး နည်းပညာများလည်း တစ်ရှိန်ထိုး တိုးတက်လာပြီး ပိုမိုလွယ်ကူ လျင်မြန်လာပါတယ်။ ထို့အတူ တစ်ချိန်တည်းမှာပဲ နည်းပညာနဲ့ စီးပွားရေးလုပ်ငန်းများမှာ ဆန်းသစ်တီထွင်မှု များစွာ ပြုလုပ်လာပါတယ်။ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းများတွင် အလုပ်ခန့်ထားမှု လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေခြင်း၊ အမှားအယွင်းမရှိ စုဆောင်းခြင်းနှင့် လုပ်ငန်းဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖောက်သည်များနှင့် မိတ်ဖက်များနှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်ပြောဆိုခြင်းဖြင့် လုပ်ငန်းများကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် နည်းပညာကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းများကို အိမ်မှဖြစ်စေ၊ အဝေးမှဖြစ်စေ အလုပ်လုပ်နိုင်တာကြောင့် နေ့စဉ်ဘဝမှာ ပိုမိုအဆင်ပြေ လွယ်ကူလာပါတယ်။

ပညာရေးသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်မှု

နည်းပညာနဲ့အတူ နေ့စဉ်ဘဝကို

Photo : Venture Beat

နည်းပညာရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုထဲက တစ်ခုကိုပြောပါဆိုရင် ပညာရေးကို ပိုမိုလွယ်ကူစွာချည်းကပ်လာနိုင်တာပဲ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကဆို ပညာရေးအတွက် ကျောင်းတတ်ဖို့အပြင် တခြားရွေးချယ်စရာ နည်းပါးလှပါတယ်။ ဒီနေ့ခေတ်မှာတော့ ကွီးတို့သင်ယူလေ့လာချင်တဲ့ အရာအားလုံးအတွက် အွန်လိုင်းကနေ သင်ယူလို့ရပါတယ်။ ဒါ့အပြင် ဆရာနဲ့ ကျောင်းသားများထိတွေ့မှုကိုလည်း အွန်လိုင်းကနေ ဆောင်ရွက်နိုင်တဲ့ အပြင် အဆင့်မြင့်ပညာရေးများကို ချည်းကပ်ဖို့အတွက်လည်း မခက်ခဲတော့ပါဘူး။

ကျန်းမာရေး ကဏ္ဍတိုးတက်လာမှု

နည်းပညာနဲ့အတူ နေ့စဉ်ဘဝကို

Photo : INESC

ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူသားမျိုးနွယ်အတွက် အမှန်တကယ်ပင် အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ကျန်းမာရေး အပါအဝင် နယ်ပယ်ပေါင်းစုံမှာ နည်းပညာ အကူအညီနဲ့ ပိုမို လွယ်ကူလျင်မြန်လာအောင် လုပ်ဆောင်နိုင်လာပါတယ်။ ရောဂါရှာဖွေခြင်းကဲ့သို့သော ဆေးဘက်ဆိုင်ရာ အသုံးချပရိုဂရမ်များတွင် နည်းပညာပါဝင်မှုများသည် လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် ပိုမို အကျိုးရှိစေကာ၊ ယခင်က မကုသနိုင်သော ရောဂါများကိုပင် တိုက်ဖျက်ရန် အခွင့်အလမ်းသစ်များကို ဖန်တီးပေးပါတယ်။ ကျန်းမာရေး ကဏ္ဍမှာ နည်းပညာများကို ပိုမို အသုံးချနိုင်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိပြီး လက်ရှိမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်လျက်ရှိပါတယ်။

နည်းပညာကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေတဲ့ ကောင်းကျိုးများစွာထဲက အချို့ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သိသာထင်ရှားတဲ့ အပျက်သဘောဆောင်တဲ့ အချက်တချို့ကို လေ့လာကြည့်လိုက်ရအောင်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု

Photo : Mega Hot News

နည်းပညာနဲ့အတူ ယှဉ်တွဲနေတဲ့ လူသားတို့ရဲ့ နေ့စဉ်ဘဝကို သက်ရောက်တဲ့ အပျက်သဘောဆောင်တဲ့ အချက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပဲ ဖြစ်ပါတယ်။ လူငယ်တော်တော်များများက Facebook၊ Instagram၊ Twitter အစရှိတဲ့ နည်းပညာများရဲ့ ဖွံဖြိုးတိုးတတ်မှုရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာများကို အသုံးပြုမှုများပြားလာကြပြီး စွဲလန်းလာကြပါတယ်။ A University of Michigan ရဲ့ လေ့လာမှုတစ်ခုအရ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းက ပျော်ရွှင်မှုကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူငယ်တော်တော်များများ မပျော်ရွှင်ရခြင်း၊ စိတ်ဓာတ်ကျရခြင်း အကြောင်းရင်းမှာ အွန်လိုင်းမှ အစပြုသော မျှော်လင့်ချက်များနှင့် လက်တွေ့မကျသော နှိုင်းယှဉ်မှုများကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Cyberbullying

Photo : Digital Trends

ဒါ့အပြင် တစ်စုံတစ်ဦးကို ထိခိုက်ရန် သို့မဟုတ် အရှက်ရစေရန် ရည်ရွယ်သည့် မက်ဆေ့ချ်များ၊ ကော်မန့်များ ရေးသားခြင်း၊ ပို့စ်တင်ရန် အင်တာနက်၊ ဆဲလ်ဖုန်းများ၊ အမျိုးစုံသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ တင်ခြင်းကဲ့သို့သော ကိစ္စရပ်များက နည်းပညာများကို အသုံးချပြီး ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို Cyberbullying လို့ခေါ်ပါတယ်။ Cyberbullying လုပ်ခံခဲ့ရသူများဟာ စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့အထိ ဆိုးရွှားတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။

အလုပ်အကိုင်များ ရှားပါးလာခြင်း

Photo : HRM Asia

နည်းပညာများ ဖွံဖြိုးတိုးတက်လာတာနဲ့ အမျှ စီးပွားရေး၊ စက်ရုံ၊ အလုပ်ရုံများတွင် လူသားအလုပ်သမားများထက် ပိုမိုမြန်ဆန်တိကျသော အလိုအလျောက်စက်များ၊ စက်ရုပ်များကို အစားထိုး အသုံးပြုလာကြပါတယ်။ ဒီအချက်က ကမ္ဘာတစ်ဝှမ်းတွင် လူသားများအတွက် ဆိုးရွားသော အလုပ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဆက်လက်ပြီး ခေတ်မီနည်းပညာကို အသုံးပြုသည့် ကုမ္ပဏီများ များပြားလာသည်နှင့်အမျှ မကြာမီကာလအတွင်း အလုပ်အကိုင်များ ပိုမိုဆုံးရှုံးနိုင်ဖွယ်ရှိနေတယ်လို့ ပညာရှင်များက ဆိုထားပါတယ်

လေ့လာကြည့်လိုက်မယ်ဆိုရင် နည်းပညာရဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းက လူသားတို့ရဲ့ နေ့စဉ်ဘဝကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိသော်လည်းပဲ နည်းပညာရဲ့ အကျိုးပြုမှုက ပိုများပါတယ်။ နည်းပညာရဲ့ အပြုသဘောဆောင်သော သက်ရောက်မှုက လူတစ်ဦးတစ်ယောက်ချင်းစီအပြင် လူ့အဖွဲ့အစည်းအပေါ်မှာလည်း သက်ရောက်စေပါတယ်။

မည်သို့ပင်ဆိုစေကာမူ နည်းပညာနဲအတူ လူသားများဟာ ဆက်လက်ပြီးအတူ ယှဉ်တွဲနေထိုင်နေမှာဖြစ်ပြီး နည်းပညာများကို နည်းမှန်လမ်းမှန် အသုံးပြုခြင်းဖြင့် ကျွန်တော်တို့အတွက် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုတွေရရှိလာနိုင်မှာ ဖြစ်ပါတယ်။

Source : Make Use Of

Featured Photo : Chat GPT