လူတစ်ယောက်ရဲ့ အလုံးစုံသော ကျန်းမာရေးအတွက် ကောင်းမွန်လုံလောက်စွာ အိပ်စက်နိုင်ဖို့ အရေးကြီးပါတယ်။ လုံလောက်သော အိပ်စက်ခြင်းမရှိပါက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး အခက်အခဲတွေကြုံတွေ့ နေရတဲ့သူတွေ အများအပြားပါပဲ။ ကောင်းမွန်သော အိပ်စက်ခြင်းကို ရရှိဖို့ နည်းလမ်းမျိုးစုံ ရှိတဲ့အထဲမှာ နည်းပညာကလည်း တစ်နေရာကနေ ပါဝင်လာပါတယ်။ ဒါကတော့ လူသားတို့အတွက် ကောင်းမွန်သော အိပ်စက်ခြင်းရရှိဖို့ ဘက်ပေါင်းစုံကနေ ကူညီပေးနိုင်တဲ့ နည်းပညာမြင့် Gadgets တွေကို ဖန်တီးထုတ်လုပ် လာကြခြင်းပါပဲ။ ဆက်လက်ပြီးတော့ ဘယ်လို အမိုက်စား Gadgets တွေက ကွီးတို့ကို ကောင်းကောင်းအိပ်ပျော်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။
Sleepme Dock Pro
Photo : Gadgets Flow
အပူချိန်က ကျွန်တော်တို့ရဲ့ အိပ်ပျော်နိုင်မှုနဲ့ အလုံးစုံအိပ်စက်ခြင်း အရည်အသွေးအပေါ်ကို သက်ရောက်မှုရှိပါတယ်။ ပူလွန်းတဲ့အခါ၊ အေးလွန်းတဲ့အခါမှာ ကျွန်တော်တို့ ကောင်းစွာအိပ်ပျော်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် သင့်တင့်မျှတသော အပူချိန်ရှိဖို့က အိပ်စက်ခြင်းမှာ အရေးကြီးပါတယ်။ အခုဖော်ပြပေးမယ့် Sleepme Dock Pro လေးကတော့ ကွီးတို့အိပ်ရာအတွက် Chilisleep pad ကို ပုံသေအပူချိန် (၅၅ မှ ၁၁၅ ဒီဂရီဖာရင်ဟိုက်အထိ) ထိန်းသိမ်းနိုင်သော ရေစုပ်ယူနစ်တစ်ခုနဲ့ ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းအတွက် ညတစ်လျှောက်လုံး အပူချိန်နဲ့ အချိန်ဇယားများကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
Kokoon Nightbuds
Photo : Amazon UK
အခုနောက်ပိုင်းမှာ အိပ်စက်ခြင်းကို ပံ့ပိုးပေးနိုင်တဲ့ နည်းပညာမြင့် နားကြပ်လေးတွေလည်း ခေတ်စားလာပါတယ်။ Kokoon Nightbuds ကတော့ ကွီးတို့ရဲ့ ခေါင်းနောက်ဘက်မှာ တပ်ဆင်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး ကွေးညွှတ်နိုင်သော ထိန်းချုပ်မှုစနစ် ပါရှိတဲ့ သေးငယ်တဲ့ နားကြပ်လေးတွေပဲ ဖြစ်ပါတယ်။ ၎င်းတို့သည် အံ့သြစရာကောင်းလောက်အောင် သက်တောင့်သက်သာရှိပြီး ပျော့ပြောင်းသော ဆီလီကွန်ဖြင့် ပြုလုပ်ထားပါတယ်။ သူနဲ့တွဲဖက် အသုံးပြုရတဲ့ App မှာ တရားထိုင်ခြင်း၊ စိတ်သက်သာရာရစေသော အသံများနှင့် အိပ်စက်ခြင်းကို ကူညီပေးနိုင်တဲ့ Sleep Stories တို့ ပါဝင်ပါတယ်။
Moonbird
Photo : Amazon.com
အသက်ရှုလေ့ကျင့်ခန်းများက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး အိပ်ပျော်စေရန် ကူညီပေးကာ အိပ်မပျော်ခြင်းကို တိုက်ဖျက်နိုင်သည်ဟု အခိုင်အမာဆိုထားတာ ရှိပါတယ်။ အသက်ရှုခြင်းကို လမ်းညွှန်ပေးတဲ့ Gadgets တွေနဲ့ Apps များစွာရှိပြီး ပိုပိုပြီး ကောင်းမွန်အဆင်မြင့်လာပါတယ်။ ဒီအထဲမှာ Moonbird လည်း အပါအဝင် ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လက်မဖြင့် Moonbird ကို ကိုင်ထားပြီး မိုဘိုင်းအက်ပ်ရှိ ဂရပ်များတွင် မှတ်တမ်းတင်ထားသော ဒေတာများဖြင့် ကွီးတို့ရဲ့ နှလုံးခုန်နှုန်းနှင့် နှလုံးခုန်နှုန်း ပြောင်းလဲမှုကို ခြေရာခံနိုင်ပါတယ်။ အသက်ရှူမှုကို ဟန်ချက်ညီစေရန်၊ စိုးရိမ်ပူပန်မှုကို တားဆီးရန်နှင့် ကောင်းမွန်စွာအိပ်စက်နိုင်ရန် လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။
Philips Hue Wake Up Light
Photo : Conserv
ဒီမီးအိမ်နှိုးစက်လေးက ကွီးတို့ရဲ့ အိပ်စက်ခြင်း၊ စွမ်းအင်နှင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်အတွက် အလင်းကုထုံးမီးအိမ်နှင့် သဘာဝနေထွက်ချိန်နှိုးစက်နာရီ ပေါင်းစပ်ဖန်တီးထားတဲ့ Gadget လေးပဲ ဖြစ်ပါတယ်။ ဒီတမူထူးခြားတဲ့ နှိုးစက်လေးက နေရောင်တွေ ထွက်လာပြီး တဖြည်းဖြည်း မှေးမှိန်သွားသော ပုံစံဖြင့် နိုးထသံများပါ ပါဝင်ပြီး ကွီးတို့တို့ အိပ်ရာမှ နှိုးပေးမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အိပ်ရာထဲမှ ချက်ချက်းမထနိုင်ဘူးဆိုရင်တောင် ဒီမီးအိမ်က ဖြည်းဖြည်းချင်း နှိုးပေးခြင်းကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်လာစေဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
အခုဖော်ပြ ပေးလိုက်တာကတော့ အိက်စက်ခြင်းကို ကူညီပေးနိုင်တဲ့ နည်းပညာမြင့် Gadgets တွေပဲ ဖြစ်ပါတယ်။ ဒီလို လူသားတို့ လိုအပ်ချက်အတွက် ပံ့ပိုးပေးနိုင်တဲ့ Gadgets တွေကို ကြည့်ခြင်းအားဖြင့် နည်းပညာရဲ့ တိုးတက်မှု ပြယုဒ်ကို တွေ့နိုင်ပါတယ်။
Source : Wired
Featured Photo : Notebook Check