ယနေ့ခေတ်မှာ လူတိုင်းက အင်တာနက် အသုံးပြုနေကြပြီး အွန်လိုင်း ဖြစ်နေကြတဲ့ ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး နည်းပညာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာ မသမာသူတွေက ကွီးတို့ရဲ့ အရိုးခံ မသိ နားမလည်တဲ့ စိတ်ကို အသုံးချကာ သူတို့ရဲ့ သားကောင် အဖြစ် ဖန်တီးနေတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီလို အစစ အရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ကွီးတို့သည် မသမာသူတွေရဲ့ သားကောင် မဖြစ်ဖို့အရေး သိစရာရှိတာတွေကို သိမှတ်ထားဖို့ လိုအပ်ပါတယ်။
အွန်လိုင်း ပြဿနာများသည် အဓိကအားဖြင့် (၃) မျိုး ရှိပါတယ်။
ပထမ ပြဿနာတစ်ခုကတော့ ဒေတာ အချက်အလက်များ ပေါက်ကြားသွားခြင်း၊ လွယ်ကူလွန်းတဲ့ Passwords များ ထားထားတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ဟက်ကာတွေ ဖန်တီးထားတဲ့ လင့်ခ်ထဲ ဝင်ရောက်မိတဲ့အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။
ဒုတိယတစ်မျိုးကတော့ ကွီးတို့ အချက်အလက်များကို ခိုးယူကာ ကွီးတို့ကဲ့သို့ အယောင်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ရဲ့ အချက်အလက်ကို ခိုးယူကာ အခြားလူသစ်တစ်ယောက်ကဲ့သို့ ပြုမူခြင်းပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ Cyberstalking လို့ ခေါ်တဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့ အွန်လိုင်း အသုံးပြုပြိး ဘာတွေ လုပ်နေသလဲ၊ ဘာအီးမေးလ်တွေ ပို့နေသလဲ စတာတွေကို အမြဲတစေ စောင့်ကြည့်နေတာပဲဖြစ်ပါတယ်။
ဘာ့ကြောင့် ဒီလိုမျိုး အခြေအနေ၊ ပြဿနာတွေ ကြုံတွေ့ရတာလဲ
(၁) ကွီးတို့ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို အင်တာနက်ပေါ်မှာ (သို့) ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖော်ပြထားတဲ့အခါ
(၂) လွယ်ကူလွန်းပြီး ခန့်မှန်းရလွယ်တဲ့ Passwords များကို အသုံးပြုခြင်း
(၃) မယုံရတဲ့ လင့်ခ်များ၊ လုံခြုံရေး နိမ့်တဲ့ လင့်ခ်များကနေ အက်ပလီကေးရှင်းများ ဆော့ဖ်ဝဲများ ဒေါင်းလုတ်ချခြင်း
(၄) တွေ့သမျှ လင့်ခ်တွေ အားလုံးကို လျှောက်နှိပ်နေခြင်း
(၅) ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လုံခြုံရေးပိုင်းကို အလေးမထားခြင်း
အစရှိတဲ့ အမှားမျိုးကို ပြုလုပ်မိတဲ့အတွက်ကြောင့် မသမာသူတွေက ကွီးတို့ကို ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြတာပဲဖြစ်ပါတယ်။
ဒါဆိုရင် နည်းပညာ ခေတ်မှာ မသမာသူတွေရဲ့ သားကောင် မဖြစ်အောင် ဘာတွေ ပြုလုပ်ရမလဲ
(၁) အများနဲ့ မတူဘဲ ခန့်မှန်းရခက်တဲ့ Passwords များ ပြုလုပ်ထားပါ
(၂) Two-factor Authentication အသုံးပြုပါ
(၃) ကွီးတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာနဲ့ အွန်လိုင်းပေါ်မှာ အချက်အလက်များ Share တဲ့အခါ ဂရုစိုက်ပါ
(၄) လုံခြုံစိတ်ချရပြီး လုံခြုံရေး တင်းကြပ်တဲ့ အင်တာနက် ဘရောက်ဇာများ၊ Search Engines များကိုသာ အသုံးပြုပါ
(၅) အက်ပလီကေးရှင်းများ၊ ဆော့ဖ်ဝဲများ၊ Operating Systems များကို Update တင်တဲ့အခါ သေချာ ဂရုစိုက်ပါ
(၆) VPN အသုံးပြုပါ
(၇) အက်ပလီကေးရှင်းများ၊ ဆော့ဖ်ဝဲများက ခွင့်ပြုချက် တောင်းတဲ့အခါ သေချာ ဖတ်ရှု သိနားလည်ပြီးမှ ခွင့်ပြုပါ
(၈) ကော်ဖီဆိုင်များကဲ့သို့ အများသုံး ဝိုင်ဖိုင်များကို အသုံးပြုတဲ့အခါ သတိထားပါ
(၉) တွေ့သမျှ လင့်ခ်တွေကို လျှောက်မနှိပ်ပါနဲ့
အစရှိတဲ့ အချက်များကို လိုက်နာကျင့်သုံးပြီး သတိလေး ကပ်ထားမယ်ဆိုရင်တော့ မသမာသူတွေက လွယ်လွယ်နဲ့ ချည်းကပ်နိုင်မှာ မဟုတ်ပါဘူး။
ကွီးတို့ရော အထက်ဖော်ပြပါ အချက်များကို လိုက်နာကျင့်သုံးရဲ့လား။
Source: Upwithtech
Featured Image: Upwithtech