နည်းပညာနဲ့ ပတ်သက်တဲ့ အသစ် အသစ်သော အရာတွေက တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် အသစ် အသစ်တွေ ထွက်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို နည်းပညာ နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက် တွေ အကုန်လုံးကို ကွီးတို့ သိရင်လည်း သိနိုင်သလို၊ မသိဘဲနဲ့ လွဲသွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

ကွီးတို့ မသိသေးတဲ့ နည်းပညာ ရဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ။

(၁) ပထမဦးဆုံး ကွန်ပျူတာ Mouse ရဲ့ နမူနာ ပုံစံသည် သစ်သားနဲ့ ပြုလုပ်ထားတယ်ဆိုတာ ကွီးတို့ သိပြီးပြီလား

ကွန်ပျူတာ Mouse

Photo : Computerhistory

Douglas Engelbart က ဒီနမူနာ ပုံစံကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ ကွန်ပျူတာကို လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်ဖို့ရန်အတွက် ဒီနမူနာ Mouse ကို တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ သူက Standford Research Institute မှာ ၁၉၆၃ ခုနှစ်က ဒီနမူနာ Mouse ကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Mouse မှာ ခလုတ်လေးက တစ်ခုပဲ ပါရှိပြီး ဘီးလုံးလေးလည်း တစ်ခုပဲ ပါရှိပါတယ်။ ဘီးလုံးလေးကတော့ ယနေ့ခေတ် Mouse တွေလိုပဲ ရှေ့တိုး နောက်ဆုတ် ဦးတည်ဘက်နှစ်ခု ပြုလုပ်နိုင်ပါတယ်။

(၂) ကမ္ဘာ့ ပထမဦးဆုံး ဝက်ဘ်ဆိုဒ်က ယခုအချိန်အထိ အင်တာနက်ပေါ်မှာပဲ ရှိသေးတယ်ဆိုတာ ကွီးတို့ သိပြီးပြီလား

နည်းပညာ အချက်

Photo : History

ကမ္ဘာ့ ပထမဦးဆုံး ဝက်ဘ်ဆိုဒ်ကို ဗြိတိသျှလူမျိုး ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Berners-Lee က ၁၉၉၁ ခုနှစ်တွင် ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ထိုဝက်ဘ်ဆိုဒ်ကို ဆွစ်ဇာလန်နိုင်ငံ CERN အဖွဲ့အစည်းရှိ NeXT စက်ပစ္စည်းတွင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ ထိုဝက်ဘ်ဆိုဒ်သည် ယနေ့အချိန်အထိ အင်တာနက်ပေါ်တွင် ရှိနေဆဲပဲ ဖြစ်ပါတယ်။

ထိုဝက်ဘ်ဆိုဒ်ထဲတွင် World Wide Web နှင့် ပတ်သက်တဲ့ အကြောင်းအရာများ၊ အသုံးပြုနည်းများ၊ လူသားတွေသည် အင်တာနက်ပေါ်မှာ ဘယ်လိုမျိုး ဆက်သွယ်နိုင်မလဲ၊ စာရွက်စာတမ်းများကို ဘယ်လိုမျိုး ဝေမျှနိုင်မလဲ၊ Web Server တစ်ခုကို ဘယ်လိုမျိုး တည်ထောင်နိုင်မလဲ အစရှိတာတွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ထိုအချိန်တုန်းက CSS နဲ့ JavaScript တို့ မရှိသေးတဲ့အတွက်ကြောင့် HTML နဲ့ပဲ ရေးသားထားတာဖြစ်ပါတယ်။

(၃) ကမ္ဘာ့ပထမဦးဆုံးသော စမတ်ဖုန်းမှာ ဘယ်ဖန်ရှင်တွေ ပါဝင်သလဲဆိုတာ ကွီးတို့ သိပြီးပြီလား

နည်းပညာ အချက်

Photo : Businessinsider

ကမ္ဘာ့ပထမဦးဆုံးသော စမတ်ဖုန်းကို IBM အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ Frank Canova Jr. က ၁၉၉၂ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုဖုန်းမှာ Touch Screen ပါဝင်ပြီး Personal Digital Assistant လည်း ပါဝင်ပါတယ်။ ပြီးတော့ ကွီးတို့သည် ထိုစမတ်ဖုန်းနဲ့ ဖုန်းခေါ်ချင်လည်း ခေါ်လို့ရပါတယ်။ စာတိုလေးတွေ ပို့ချင်တယ်ဆိုရင်တော့ Fax နဲ့ ပို့သလိုမျိုး ပို့နိုင်ပါတယ်။ ရိုးရှင်းတဲ့ ဂိမ်းများလည်း ဆော့ကစားနိုင်ပြီး ပြက္ခဒိန်နှင့် ဂဏန်းတွက်စက်လည်း ပါဝင်သလို အီးမေးလ်လည်း ပို့နိုင်ပါတယ်။

ကွီးတို့ရော နည်းပညာ နဲ့ ပတ်သက်တဲ့ ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အချက် များကို သိထားပါသလဲ။

Source : Upwithtech

Featured Photo :  Greatpeopleinside