လီဗာပူး နည်းပြကြီး ယာဂင်ကလော့ပ် ကတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ဂျာမန်နည်းပြကြီးဟာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း လီဗာပူးအသင်းရဲ့ တရားဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် ထုတ်ပြန်ကြေညာချက်မှာ အတည်ပြုထားပါတယ်။

Jurgen Klopp

Photo : The Athletic

” ယာဂင်ကလော့ပ် ဟာ ၂၀၂၃ – ၂၀၂၄ ရာသီကုန်မှာ နည်းပြရာထူးကနေ ထွက်ခွာလိုကြောင်း အသင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီကို အသိပေးထားပြီး အခုလာမယ့် ရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်” လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၅၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နည်းပြကြီး ယာဂင်ကလော့ပ် ဟာ သူ့အနေနဲ့ လီဗာပူးအသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

” ကျွန်တော် ဘယ်လိုပြောရမလဲ။ ကျွန်တော့်မှာ လုပ်နိုင်စွမ်းတွေ ကုန်ဆုံးသွားပါပြီ။ ကျွန်တော့်မှာ ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ ဒါကို ကြေညာရလိမ့်မယ်ဆိုတာ ကျွန်တော်သိနှင့် ထားပြီးသားပါ။ အခုချိန်မှာ ကျွန်တော်လုံးဝ အဆင်ပြေပါတယ်။ ကျွန်တော်ဒီအလုပ်ကို ထပ်ခါတလဲလဲ မလုပ်နိုင်တော့ဘူး ဆိုတာလည်း သိလာရပါပြီ။ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့်အကြောင်းကိုလည်း နိုဝင်ဘာလကတည်းက ကလပ်အသင်းကို အသိပေးထားပြီးသားပါ” လို့ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

Jurgen Klopp

Photo : The Witness

နည်းပြကြီး ယာဂင်ကလော့ပ် ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ကလပ်ကမ္ဘာ့ဖလား ၊ ဥရောပစူပါဖလား ၊ ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးနိုင်ခဲ့တဲ့ အကောင်းဆုံး နည်းပြကြီးတစ်ဦး ဖြစ်ပါတယ်။

Featured Photo : Sports Illustrated