ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂျက်ဆီ လင်ဂတ် ဟာ တောင်ကိုရီးယားကလပ် ဆိုးလ် အက်ဖ်စီအတွက် သုံးပွဲမြောက် ကစားအပြီးမှာတော့ အသင်းနည်းပြကြီး ကင်မ်ဂျီဒေါင်ရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

Jesse Lingard

Photo : SPORTbible

ဆိုးလ် အက်ဖ်စီ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဂျယ်ဂျူးအသင်းကို အနိုင်ရရှိပြီး ဒီရာသီ ပထမဆုံး ရမှတ် သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာတော့ တစ်ပွဲသရေ ၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး လင်ဂတ် တစ်ယောက်လည်း အသင်းသစ်အတွက် ဂိုးသွင်းယူပေးနိုင်ခြင်း မရှိပဲ စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ ရာသီသစ်ကို စတင်ခဲ့တာပါ။

ဆိုးလ် အက်ဖ်စီ နည်းပြ ကင်မ်ဂျီဒေါင်ကတော့ ဂျယ်ဂျူးကို အနိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ် တောင်ပံကစား သမားဟောင်းကို အရန်လူစာရင်းကနေ လူစားဝင် ကစားစေခဲ့ပေမယ့် အင်္ဂလန်သားရဲ့ အားစိုက်ထုတ်မှုမရှိတဲ့ ကစားဟန်ကြောင့် အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်ကာ ပြစ်တင်ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

” သူက အရန်ခုံကနေ လူစားဝင်ရောက် ကစားခဲ့ပေမယ့် အလုပ်မကြိုးစားသလို ဘောလုံးတောင် လိုက်မလုခဲ့ပါဘူး။ ကွင်းထဲမှာ ဘာမှမလုပ်ရင် ကစားသမားရဲ့ နာမည်တန်ဖိုးကလည်း အလကားပါပဲ။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်သူ့ကို သေချာပေါက် ပြောရပါလိမ့်မယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Jesse Lingard

Photo : Goal.com

အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဘဝနဲ့ ၂ လတာ ဖြတ်သန်းခဲ့ပြီးနောက် ကေလိဂ်ကလပ် ဆိုးလ် အက်ဖ်စီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ် ဟာ ကေလိဂ်မှာ ဆိုးလ် အက်ဖ်စီအသင်းအတွက် ရာသီအဖွင့် သုံးပွဲလုံးကို လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းသစ်အတွက် ပထမဆုံး ပွဲချိန်ပြည့် ပွဲဦးထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

Featured Photo : Daily Mail