ကတ်တလန်ဘီလူးကြီး ဘာစီလိုနာအသင်းဟာ လာမယ့် ရာသီကုန်မှာ လီဗာပူးကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်တဲ့ နည်းပြကြီး ယာဂင် ကလော့ပ် ကို လက်ရှိနည်းပြ ဇာဗီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Jurgen Klopp

Photo : Football Transfers

စပိန်သတင်းစာ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဥက္ကဌ လာပေါ်တာဟာ ကလော့ပ် ကို အရင်ကတည်းက သဘောကျလေးစားသူဖြစ်ပြီး ရာသီကုန်မှာတော့ ဂျာမန်သား နည်းပြကြီးကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ ဆိုထားပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ နည်းပြဇာဗီ လက်အောက် ဆိုးရွားတဲ့ ရလဒ်တွေ ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်း တာဝန်ရှိသူတွေအနေနဲ့ ဇာဗီကို နည်းပြရာထူးကနေ ထုတ်ပယ်နိုင်ဖွယ် ရှိတယ်လို့လည်း မကြာခဏဆိုသလို ကောလာဟလသတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

နည်းပြဇာဗီနဲ့ ကတ်တလန်ကလပ်အသင်းတို့ကြား လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအထိ အကျုံးဝင်ပေမယ့် ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတာကြောင့် လာမယ့် ရာသီကုန်မှာတော့ နည်းပြ အပြောင်းအလဲ လုပ်ဖို့ ရာခိုင်နှုန်းများနေတာပဲ ဖြစ်ပါတယ်။

Jurgen Klopp

Photo : talkSPORT

ဂျာမန်သား နည်းပြကြီး ယာဂင် ကလော့ပ် ဟာ ၂၀၁၅ ခုနှစ်ကစတင်ပြီး လီဗာပူးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၈ နှစ်ကျော်ကြာ ကာလအတွင်း ဆုဖလား ၇ လုံးအထိ ရယူပေးနိုင်ခဲ့သလို အသင်းနဲ့အတူ အောင်မြင်မှု မှတ်တိုင်များစွာကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ ယာဂင် ကလော့ပ် အနေနဲ့ ဇန်နဝါရီလ ၂၆ ရက်မှာတော့ နည်းပြ အလုပ်အတွက် စွမ်းအင်မရှိတော့ဘူးလို့ ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိရာသီကုန်ပြီးနောက် လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ ဘာစီလိုနာအသင်းအတွက် အိပ်မက်နည်းပြဖြစ်တဲ့ ကလော့ပ်ကို ရာသီကုန်မှာ မရမက ခေါ်ယူဖို့ ကြိုးပမ်းသွားမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Featured Photo : This Is Anfield