ကော့တ်တေးလ် တွေဆိုတာ ချိုမြမြမွှေးပြီး ယစ်မူးစရာအရသာကြောင့်တင် ကျော်ကြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆန်းပြားတဲ့ နာမည်အခေါ်အဝေါ်တွေကြောင့်လည်း ထင်ရှားကြပါတယ်။ တချို့ ကော့တ်တေးလ် နာမည်တွေဆိုရင် ကဗျာတစ်ပုဒ် ၊ နာမည်ကျော်ဇာတ်ဝင်ခန်းတစ်ခုထဲက ဒိုင်ယာလော့ခ်လိုပါ ဆွဲဆောင်မှုအပြည့် ပါရှိပါတယ်။ ဒီလိုမျိုး ထူးထူးဆန်းဆန်း နာမည်ပိုင်ရှင် ကော့တ်တေးလ်တွေထဲကတချို့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Fuzzy Navel

Fuzzy Navel

Photo : liquor

နာမည်ပေးကောင်းတဲ့ လူတွေထဲမှာ Bartender တွေလည်း ထိပ်ဆုံးက ပါမယ် ထင်ပါတယ်။ Fuzzy Navel ဆိုတဲ့ နာမည်ဆိုရင် ရုတ်တရပ် ဘာလဲဟ လို့ ထင်သွားနိုင်ပါတယ်။ တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင် Fuzzy ဆိုတာ ကတ္တီပါလို ပိုးသားလေးလို နူးညံ့တယ်လို့ ဆိုလိုပြီး Navel ကတော့ လူ့ဗိုက်က ချက်ကို ပြောတာ ဖြစ်ပါတယ်။ Fuzzy Navel ဆိုရင် လုံးကောက်အနေနဲ့ နူးညံ့တဲ့ ချက်ကလေးလို့ ဆိုနိုင်မယ် ထင်ပါတယ်။
တကယ်တော့ Fuzzy Navel ဆိုတာ အမယ်နှစ်မျိုးပါ ကော့တ်တေးလ် တစ်မျိုးရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ Fuzzy ဆိုတာ မက်မွန်သီးရနံ့ ယမကာ Peach Schnapps ကို ပြောတာပါ။

Fuzzy ဟာ မက်မွန်သီးပေါ်က အမွေးနုနုလေးတွေကြောင့် ပေးထားတဲ့ နာမည် ဖြစ်ပြီး Navel ကတော့ လိမ္မော်သီးဖျော်ရည် Orange Juice ကို ညွှန်းတာပါ။ Peach Schnapps မှာ အယ်လ်ကိုဟောပါဝင်မှု ABV ၁၅% ကနေ ၂၀% အကြား ရှိလို့ သိပ်အပြင်းကြီး မဟုတ်ပေမယ့် လိမ္မော်ရည်ခပ်ပြင်းပြင်း ကြိုက်သူတို့အတွက် Fuzzy Navel ကော့တ်တေးလ်က ရွေးချယ်စရာပါပဲ။

(၂) A Lonely Island Lost in the Middle of a Foggy Sea

A Lonely Island Lost in the Middle of a Foggy Sea

Photo : liquor

“အထီးကျန်တဲ့ ကျွန်းကလေးဟာ မြူဆိုင်းပင်လယ် အလယ်မှာ လမ်းပျောက်ပေါ့” (A Lonely Island Lost in the Middle of a Foggy Sea) ဆိုတဲ့ စကားကို တစ်နေရာမှာ ကြားလိုက်ရင် သီချင်းလား ၊ ကဗျာလား ဒါမှမဟုတ် စိတ်ကူးကောင်းကောင်းနဲ့ ပြောလိုက်တဲ့ ဒိုင်ယာလော့ခ်တစ်ခုလားလို့ ထင်သွားနိုင်ပါတယ်။ တကယ်တော့ A Lonely Island Lost in the Middle of a Foggy Sea ဆိုတာ ကော့တ်တေးတစ်ခွက်ရဲ့ နာမည်ပါ။

စကားလုံး ၁၁ လုံး ပါတဲ့ ကော့တ်တေးနာမည်ကို ချီကာဂိုအခြေစိုက် Bartender ဖြစ်သူ Paul McGee က နာမည်ပေးထားတာလို့ ဆိုပါတယ်။ ပါတဲ့ အမယ်ကလည်း စုံပါတယ်။ အဓိကအားဖြင့် နာနတ် ၊ ကော်ဖီ နဲ့ ရမ်အရက် ၃ မျိုး စပ်ထားတာပါ။ Rhum J.M Agricole Blanc ၊ Cruzan Black Strap Rum ၊ Old Port Deluxe Matured Rum ရမ် ၁/၂ အောင်စ ၊ Pineapple Juice ၊ Lime Juice ၊ La Colombe Pure Black Cold Press Coffee ၊ Demerara Syrup နဲ့ ကော်ဖီစေ့တို့နဲ့ ဖော်စပ်ထားတာပါ။

(၃) Sex On The Beach

Sex on the Beach

Photo : liquor

နာမည်ကတော့ အကြမ်းကြီး။ ဒီနာမည်မျိုးကို လက်ဖက်ရည်ဆိုင်မှာ ပြောရင် ဘာလဲဟ လို့ နားရွက်ထောင်သွားနိုင်ပါတယ်။ ဘားတွေမှာတော့ Sex On The Beach ဆိုတာ ကော့တ်တေးလ်တစ်ခွက်ရဲ့ နာမည်ပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ဖန်တီးခဲ့တဲ့ ကော့တ်တေးလက်ရာ ဖြစ်ပြီး International Bartenders Association Official Cocktail မှာ စာရင်းဝင်တဲ့ ကော့တ်တေး နာမည်လည်း ဖြစ်ပါတယ်။ Sex On The Beach မှာ ဗော့ဒ်ကာ ၊ Peach Schnapps ၊ Orange Juice နဲ့ Cranberry Juice တို့ ပါဝင်ပါတယ်။ လိမ္မော်ခွံလေး တပ်ထားတော့ မသိရင် Sex On The Beach ဟာ ကမ်းခြေမှာ ချစ်သူနဲ့ ပလူတူးနေသလို ကြည်နူးစရာပုံစံလေး ဖြစ်နေမှာပါပဲ။

(၄) A.m.f.

AMF

Photo : liquor

A.M.F ဆိုတဲ့ နာမည်ရဲ့ အရှည်ကောက်ကို သိရင် ဟာခနဲ့ ဖြစ်သွားနိုင်ပါတယ်။ A.M.F ဆိုတာ Adios Motherfucker ဆိုတဲ့ နာမည်ကို အတိုကောက်ခေါ်ထားတဲ့ ကော့တ်တေးနာမည်ပါ။ ကော့တ်တေးရဲ့ ချစ်စရာ ကာလာ နဲ့ အလှဆင်မှုတို့နဲ့ လုံးဝမလိုက်ဖက်တဲ့ နာမည် ဖြစ်ပါတယ်။ လှပရွှင်မြူးဖွယ်ရာ အပြာရောင်ကာလာ ရှိတဲ့ A.M.F ကော့တ်တေး ဟာ Long Island Ice Tea နဲ့ ဆင်ပြီး Vodka ၊ Rum ၊ Tequila ၊ Gin နဲ့ Blue Curacao 1/2 အောင်စ ၊ Sprite ဒါမှမဟုတ် 7Up အဖျော်ရည်နဲ့ ချယ်ရီသီး ၊ လိမ္မော်ခွံလေးတွေနဲ့ ဖန်တီးထားတာပါ။

(၅) Set the New Year on Fire

Set the New Year on Fire

Photo : liquor

နှစ်သစ်ကူးမီးပုံပွဲလို့ ဆိုရမယ့် Set the New Year on Fire ကော့တ်တေးလ်‌ လေးကလည်း နှစ်သစ်ကူးည မီးပန်းတွေလို လှပဆန်းပြားတဲ့ ကော့တ်တေးတစ်ခွက်ပါ။ ပူစီနံရွက် ၊ သံပရာရည် ၊ ၁၂ နှစ်သား Bowmore Single Malt Scotch ဝီစကီ ၊ Campari အီတလီအရက်ပျော့တို့ နဲ့ ဖော်စပ်ထားတာ ဖြစ်ပါတယ်။ ကော့တ်တေးခွက် အပေါ်မှာ မီးရှို့ထားတဲ့ သံပရာခွံလေးနဲ့ အလှဆင်ထားပါတယ်။ ကော့တ်တေးလ်တွေရဲ့ ထုံးစံ ဖန်တီးမှု အပြည့်ပါလို့ မြင်တာနဲ့ သောက်ချင်သလို နာမည်နဲ့တင် မြည်းကြည့်မှ ဆိုတဲ့ အတွေးကို ဆွဲခေါ်နိုင်မယ့် ကော့တ်တေးလ်တွေပါပဲ။

Featured Photo : baranddrink