အကြားအာရုံက လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ လူတစ်ယောက် အကြားအာရုံ ထိခိုက်သွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်းဖြစ်ပါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။ သို့သော်လည်း ယနေ့ထိတိုင် လူတော်တော်များများက နားကျန်းမာရေး ကို သိပ်ပြီး ဂရုစိုက်လေ့မရှိကြပါဘူး။ ဒါ့အပြင် ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သဘောပေါက်မှုနည်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့ရဲ့ နားနဲ့ အကြားအာရုံကို ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးပါမယ်။

နားကြပ်များကို အချိန်ကြာကြာအသုံးပြုခြင်းကို ရှောင်ပါ

နားနဲ့ အကြားအာရုံကို

Photo : Soundbrenner

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လေ့လာမှုတစ်ခု ဆယ်ကျော်သက် လူငယ်လူရွယ်‌ ၁.၁ ဘီလီယံလောက်က နားကြပ်တွေကို အချိန်ကြာကြာအသုံးပြုခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မိတ်ဆွေတို့ရော တစ်နေ့မှာ နားကြပ်ကို အချိန်ဘယ်လောက်ကြကြာ အသုံးပြုလေ့ရှိပါသလဲ။ ပုံမှန်အားဖြင့် နားကျန်းမာရေးကို မထိခိုက်စေဖို့ တစ်နေ့ကို တစ်နာရီထက် မပိုစေဘဲ အသံ အတိုးအကျယ် ၆၀ ရာခိုင်နှုန်းဖြင့်သာ နားထောင်သင့်တယ်လို့ ဆိုထားပါတယ်။ ကျယ်လောင်လွန်းသော အသံများဖြင့် နားကြပ်ကို အချိန်ကြာကြာ အသုံးပြုခြင်းက မိတ်ဆွေတို့ရဲ့ နားနဲ့ အကြားအာရုံကို ထိခိုက်စေပါတယ်။

နား သန့်ရှင်းရေးကို သေချာဂရုပြုပါ

နားနဲ့ အကြားအာရုံကို

Photo : BASS Medical Group

နားကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တစ်ချက်မှာ နားကို သေချာစွာ သန့်ရှင်းရေးမလုပ်ခြင်းနဲ့ သန့်ရှင်းရေးလုပ်ပုံ မှားယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နားမှ အညစ်အကြေးတွေကို ဖယ်ရှားဖိ့ နားကြပ်တံကို နားအတွင်းပိုင်းထိ ရောက်အောင်ထိုးထည့်ပြီး သန့်ရှင်းရေးလုပ်တတ်ကြပါတယ်။ တကယ်တော့ ဒီအချက်က မှားပါတယ်။ နားရဲ့ အတွင်းပိုင်းထိ အညစ်အကြေးတွေက ရှိမနေပါဘူး။ ဒါ့ကြောင့် နားကြပ်တံကို နားအတွင်းပိုင်းထိ ထိုးထည့်ပြီး သန့်ရှင်းရေးလုပ်ခြင်းက နားကိုထိခိုက်စေရုံသာမက အခန့်မသင့်ရင် အကြားအာရုံကို ထိခိုက်စေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နားသန့်ရှင်းလုပ်ရာမှာ အထူးဂရုပြုပါ။ ဒီနေ့ခေတ်မှာ နားကို မထိခိုက်စေဘဲ နားသန့်ရှင်းရေး ပြုလုပ်နိုင်တဲ့ ပစ္စည်းလေးတွေကိုလည်း အလွယ်တကူ ရရှိနိုင်နေပါပြီ။

ကိုယ်ရောစိတ်ပါ တက်ကြွစွာနေပါ

နားနဲ့ အကြားအာရုံကို

Photo : Medical News Today

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး သွေးနှင့်အောက်ဆီဂျင်ကို မိတ်ဆွေတို့နားထဲသို့ ရောက်ရှိအောင် ကူညီပေးကာ နားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နားကျန်းမာရေးနဲ့ အကြားအာရုံကို ကာကွယ်ဖို့အတွက်သာမက စိတ်ရောကိုယ်ပါ ကျန်းမာပြီး တတ်ကြွလန်းဆန်းနေစေဖို့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

စိတ်ဖိစီးမှုများကို လျှော့ချပါ

Photo : Harvard Health

စိတ်ဖိစီးမှုတွေ များလာရင် ကျွန်‌တော်တို့ခန္ဓာကိုယ်ကနေ ကော်တီဆောနှင့် Adrenaline ဟော်မုန်းကို တိုးစေပါတယ်။ ဒီဟော်မုန်းတွေက ကျွန်တော်တို့ရဲ့ အကြားအာရုံကို ယာယီသက်ရောက်မှု ရှိစေပါတယ်။ သို့သော်လည်း ရေရှည်စိတ်ဖိစီးမှုဖြစ်လာရင် ထိုဟော်မုန်းပမာဏမြင့်မားလာနိုင်ပြီး အကြားအာရုံကို ထိခိုက်စေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုက အကြားအာရုံဆုံးရှုံးခြင်းအပြင် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်သောကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချဖို့ လိုပါတယ်။

နား သို့မဟုတ် အကြားအာရုံ မူမမှန်မှုတွေကို သတိပြုပါ

Photo : Salyer Hearing Center

နားထဲတွင် အသံမြည်ခြင်း၊ မူးဝေခြင်း၊ နားအတွင်းမှ အသံထွက်ခြင်းတို့ကို ခံစားရပါက အစောပိုင်း သို့မဟုတ် ယာယီအကြားအာရုံပျက်စီးခြင်းရဲ့ အဖြစ်များသော လက္ခဏာများ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ပတ်ဝန်းကျင်မှ အသံများကို သေချာမကြားရတာ၊ အခြားသူတွေနဲ့  စကားပြောတဲ့အခါ ကြားဖို့ခက်ခဲတာ၊ အခြားသူများ ပြောတာကို နားလည်မှုလွဲတာ သို့မဟုတ် အခြားသူစကားကို ထပ်ခါတလဲလဲ ပြန်ပြောပေးဖို့ တောင်းဆိုနေရပြီဆိုရင် နား သို့မဟုတ် အကြားအာရုံ မူမမှန်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရပြီဆိုရင် မပေါ့ဆဘဲ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

မိတ်ဆွေတို့ရဲ့ နားနဲ့ အကြားအာရုံကို အခုဖော်ပြပေးလိုက်တဲ့ နည်းလေးတွေနဲ့ ကာကွယ်ပါ။

Source : Lompoc Vally Medical Center

Featured Photo : Health