ဝက်ခြံ တွေက များသောအားဖြင့် မျက်နှာအရေပြားပေါ်မှာပဲ ပေါက်လေ့ရှိတယ်လို့ လူအများစု သိထားကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ခန္ဓာကိုယ် အရေပြားရဲ့ မည်သည် နေရာမှာမဆို ဝက်ခြံတွေ ပေါက်နိုင်ပါတယ်။ ဒီထဲကမှ အဆိုးဆုံးကတော့ နှာခေါင်းနဲ့ နားအတွင်းလို နေရာတွေမှာ ပေါက်တဲ့ ဝက်ခြံတွေ ပါပဲ။ ဒီလို နား အတွင်းမှာပေါက်တဲ့ ဝက်ခြံတွေဟာ စိုးရိမ်စရာမရှိသော်လည်း နေမထိထိုင်မသာဖြစ်စေပြီး ဆိုးဆိုးရွားရွား နာကျင်မှုကို ခံစားရစေပါတယ်။ အကြောင်းကတော့ နားရွက်တွေက တင်းမာတဲ့ အရေပြားရှိပြီး အဆီအစား အရိုးနုတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ဖြစ်ပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာ ရောင်းရမ်းမှုကြောင့် အရေပြားကို ဆွဲဆုတ်ထားသလို ဖြစ်နေတဲ့အတွက် နာကျင်မှု ပိုများစေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နားရွက်တွေက အာရုံကြောနဲ့ ဆက်စပ်နေတဲ့အတွက် အာရုံခံနိုင်စွမ်းမြင့်တာကြောင့်နာကျင်မှုကို သိသိသာသာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်အနှောက်ယှက်ဖြစ်ရတဲ့ နား အတွင်းမှာ ပေါက်တဲ့ ဝက်ခြံ တွေကို ကာကွယ်ကုသ နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Skincare Products တွေပြောင်းလဲ အသုံးပြုပါ


Photo : Bottlecode

မျက်နှာ အရေပြားနဲ့ နားအတွင်းမှာ ဝက်ခြံ ပေါက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ ကွီးတို့အသုံးပြုနေတဲ့ အသားအရေ ထိန်း သိမ်းခြင်းဆိုင်ရာ Skincare Products တွေ ကြောင့် ဖြစ်နိုင်ပါတယ်။ မျက်နှာသစ်ဆေး ၊ ခေါင်းလျှော်ရည် ၊ ပေါင်းဆေး နဲ့ တခြား အလှအပဆိုင်ရာ ထုတ်ကုန်တွေဟာ ကိုယ့်ရဲ့ အသားအရေနဲ့ ကိုက်ညီမှုမရှိရင် သော်လည်းကောင်း ၊ ဓာတုပစ္စည်း ပါဝင်ခြင်းကြောင့် သော် လည်းကောင်း ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒါကြောင့် ကိုယ်လက်ရှိအသုံးပြုနေတဲ့ Skincare Products တွေက အသားအရေနဲ့ ကိုက်ညီမှု ရှိမရှိ/ ဓာတု ပစ္စည်း ပါဝင်မှုရှိမရှိ ဆိုတာကို စစ်ဆေးပြီး ကိုယ့်ရဲ့အသားအရေနဲ့ ကိုက်ညီတဲ့ Skincare Products တွေကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။

(၂) တစ်ကိုယ်ရေ သန့်ရှင်းမှုကို ထိန်းသိမ်းပါ

Photo : Freepik

ရေချိုး မျက်နှာသစ်တဲ့အခါ နားအတွင်းပိုင်းကိုလည်း ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဒါမှလည်း နားအတွင်းမှာ ဝက်ခြံဖြစ်စေမယ့် အရေပြားဆဲလ်သေတွေနဲ့ အဆီဖုတွေ စုပုံလာခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး နားအတွင်းပိုင်းကို တစ်ပတ် ၁ ကြိမ်ခန့် ဂျေးချွတ်သန့်စင်တာ ၊ Exfoliate လုပ်တာတွေ လုပ်ပေးသင့်ပါတယ်။

(၃) ဝက်ခြံတွေကို လက်နဲ့ မထိပါနဲ့


Photo : Medical News Today

အရေပြား ဘယ်နေရာမှာပဲ ဝက်ခြံပေါက်ပေါက် အရေးကြီးဆုံး လိုက်နာရမယ့် အချက်က လက်နဲ့ ထိတွေ့တာမျိုး မလုပ်ဖို့ပါပဲ။ ဝက်ခြံတွေကို လက်နဲ့ ကိုင်တွယ် ထိုးဆွတာက ဘက်တီးရီးယားတွေ ကူးစက်စေနိုင်ပြီး ရောဂါပိုးဝင်ခြင်းနဲ့ ဝက်ခြံအမာရွတ်တွေ ဖြစ်စေနိုင်ပါတယ်။

(၄) အများသုံး ရေကူးကန်တွေမှာ ရေကူးခြင်းကို ရှောင်ကြဉ်ပါ


Photo : Pinterest

Public Pools တွေလို အများသုံး ရေကူးကန်တွေ ၊ ညစ်ပတ်တဲ့ရေထဲမှာ ရေကူးပြီးရင် နားအတွင်းမှာ ဝက်ခြံပေါက်တာ များပါတယ်။ ဒါ့ကြောင့် အများသုံး ရေကူးကန်တွေမှာ ရေကူးခြင်းကို ရှောင်ကြဉ်ပါ။ ဒါမှမဟုတ် ကွီးတို့ရဲ့ နားကို ရေကူးဦးထုပ် Swimming Cap နဲ့ သေချာ ကောင်းစွာ ဖုံးအုပ်ပြီးမှ ရေကူးတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၅) စိတ်ဖိစီးမှု လျော့ချပါ


Photo : Experience Life – Life Time

စိတ်ဖိစီးမှုတွေက ကော်တီဆော ပမာဏကို တိုးလာစေတာကြောင့် စိတ်ဖိစီးနေချိန်မှာ ခန္ဓာကိုယ်က ဆီဘမ်ထွက်ရှိမှုပိုမိုများပြားပြီး ဝက်ခြံနဲ့ အသားအရေဆိုင်ရာ ဆက်စပ်ပြဿနာတွေ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုတွေကို အကောင်းဆုံး စီမံထိန်းချုပ်ခြင်းဟာ အရေပြား မည်သည့်အစိတ်အပိုင်းမှာမဆို ဝက်ခြံဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။

(၆) ဆေးလိပ်ဖြတ်ပါ

Photo : The Portugal News

ဆေးလိပ်ငွေ့မှာပါတဲ့ နီကိုတင်းဓာတ်က အရေပြား ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံထွက်စေပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ ဝက်ခြံပြဿနာအများဆုံး ဖြစ်စေတာကလည်း အသားအရေ ထိန်းသိမ်းမှု အားနည်းခြင်းအပြင် ဆေးလိပ်သောက်ခြင်းကလည်း အကြီးမားဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဝက်ခြံကင်းစင်ချင်တယ်ဆိုရင်တော့ ဒီနေ့က စပြီး ဆေးလိပ်ဖြတ်ဖို့ အကြံပြုချင်ပါတယ်။

အထက်ပါ အချက်တွေအပြင် ဝက်ခြံပြဿနာကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ နေထိုင်မှု ပုံစံကိုလည်း ပြောင်းလဲဖို့ လိုပါတယ်။ အိပ်ရေးဝဝ အိပ်စက်အနားယူတာ ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Diet လုပ်တာ စတဲ့ အချက်တွေနဲ့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်မယ်ဆိုရင် ဝက်ခြံ ပြဿနာကို ထိန်းချုပ်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Pinterest