မြို့ကြီးပြကြီးဆိုတာ ကျောတစ်နေရာစာအတွက် ကိုယ်ပိုင်ဖြစ်ဖို့ ခက်ပါတယ်။ စရိတ်စကကြီးပြီး ရှင်သန်ရပ်တည်ဖို့ ရုန်းကန်မှုများတဲ့ မြို့ကြီးတွေမှာ သာမန်ဝင်ငွေလောက်နဲ့ဆို ရပ်တည်ဖို့တောင် မလွယ်ကူပါဘူး။ အခြေချနေဖို့ဆိုရင် ဒေါ်လာသန်းချီ ချမ်းသာမှ ဖြစ်မယ့် မြို့ကြီးတွေလည်း ရှိပါတယ်။ ကမ္ဘာပေါ်မှာ မြေတစ်နေရာစာ ရဖို့ မီလျံနာတွေပဲ တတ်နိုင်တဲ့ မြို့ကြီးတွေ အကြောင်း ဒီတစ်ခေါက် မျှဝေပေးချင်ပါတယ်။

(၁) မိုနာကို

Monaco

Photo : wikimedia

Monaco မြို့လေးဟာ စတုရန်းကီလိုမီတာ ၂ ကီလိုမီတာဝန်းကျင်ပဲ ရှိတဲ့ မြို့သေးသေးလေးပါ။ ဒါပေမယ့်လည်း တကယ့် Luxury Life တွေပဲ နေထိုင်တဲ့ မြို့လို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မြို့တစ်မြို့ဆိုလည်း မမှားပါဘူး။ Monaco မြို့မှာ ၁၇ စတုရန်းမီတာ ကျယ်တဲ့ ခြံဝိုင်းတစ်ဝိုင်းဟာ ဒေါ်လာ ၁ သန်း ရှိပါတယ်။ ၁၇ စတုရန်းမီတာဆိုတာ ၁၈၃ ပေ ပတ်လည်လောက်ပဲ ရှိတာ ဖြစ်ပါတယ်။

(၂) ဟောင်ကောင်

Hong Kong

Photo : BBC

ကမ္ဘာပေါ်မှာ နေထိုင်ဖို့ ဒုတိယ ဈေးအကြီးဆုံး မြို့ကတော့ ဟောင်ကောင်ပါ။ တရုတ်နိုင်ငံရဲ့ နောက်ထပ် အဓိကဘဏ္ဍာရေးဆုံရပ်တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ တခြား မြို့ကြီး တွေထက် မိုးမျှော်တိုက်တွေ ပိုများတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပြီး လူအများစုဟာ အထပ် ၁၅ ထပ်မက မြင့်တဲ့ တိုက်တာတွေမှာ နေထိုင်ရတာပါ။ ဟောင်ကောင်ကို ချမ်းသာတဲ့မြို့ဖြစ်စေတာက နည်းပညာနဲ့ ဘဏ္ဍာရေးကဏ္ဍ ဖြစ်သလို AI နဲ့ ဇီဝနည်းပညာသစ်တွေပါ ထွန်းကားပါတယ်။ ဟောင်ကောင်မြို့က ဈေးကြီးလွန်းပေမယ့် စီးပွားရေးအခွင့်အလမ်းတွေကြောင့် လူပေါင်း ၇ သန်းခွဲလောက် မှီတင်းနေထိုင်ကြပါတယ်။ ဒီမြို့ရဲ့ ၂၀၂၀ အတွက် GDP ဟာ ဒေါ်လာ ၃၄၆.၆ ဘီလျံ ရှိတယ်လို့ ကမ္ဘာ့ဘဏ် World Bank က ဖော်ပြပါတယ်။ ဟောကောင်မှာ မြေစတုရန်း ၂၁ မီတာကို ဒေါ်လာ ၁ သန်း ကျသင့်ပါတယ်။

(၃) လန်ဒန်

London

Photo : IFC Review

အင်္ဂလန်နိုင်ငံ အကြီးဆုံး မြို့တော် လန်ဒန်ဟာလည်း ဟောင်ကောင်နဲ့ မတိမ်းမယိမ်း နေထိုင်ဖို့ စရိတ်ကြီးတဲ့ မြို့စာရင်းမှာ နံပါတ်တူ လိုက်ပါတယ်။ လန်ဒန်မှာ လူပေါင်း ၉ သန်းခန့် နေထိုင်ပြီး မြို့ပေါ်က စတုရန်း ၂၁ မီတာ ကျယ်တဲ့ မြေတစ်ကွက်ဟာ ဒေါ်လာ ၁ သန်း ဈေး ရှိပါတယ်။

(၄) နယူးယော့ခ်

New York Times Square

Photo : wikimedia

လူပေါင်း ၈ သန်းခွဲနီးပါး နေထိုင်တဲ့ နယူးယော့ခ်ဟာ အမေရိကန်နိုင်ငံရဲ့ လူဦးရေ အများဆုံးမြို့ကြီး တစ်မြို့လည်း ဖြစ်ပြီး ကမ္ဘာပေါ်မှာ အနုပညာအရရော စီးပွားရေး ၊ နည်းပညာနဲ့ လူမှုဘဝ ဆန်းသစ်မှုအရပါ ကျော်ကြားတဲ့ မြို့ကြီးပါ။ ဒါပေမယ့်လည်း ဒီလို မဂ္ဂါစီးတီးကြီးမှာ အခြေချနေထိုင်ဖို့ စတုရန်း ၃၄ မီတာ ကျယ်တဲ့ မြေတစ်ကွက်ကို ဒေါ်လာ ၁ သန်းက ကျသင့်မှာ ဖြစ်ပါတယ်။

(၅) စင်ကာပူ

SINGAPORE

Photo : CNN

စတုရန်းမိုင် ၂၇၃ မိုင်ပဲ ရှိပြီး နိုင်ငံနဲ့ မြို့ တစ်ခုတည်းဖြစ်တဲ့ အရှေ့တောင်အာရှရဲ့ အသေးငယ်ဆုံးနိုင်ငံငယ်လေး ဖြစ်ပေမယ့် စင်ကာပူ နိုင်ငံဟာ လူနေမှုအဆင့်အတန်း မြင့်မားသလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၊ စက်မှုလုပ်ငန်း ၊ ကမ္ဘာလှည့်ခရီးသွားလာရေး ၊ အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှု ၊ ငွေကြေးဝန်ဆောင်မှု စတဲ့ ဝန်ဆောင်မှုမျိုးစုံ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ဂျပန် ၊ မလေးရှား နဲ့ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၆၅ ခုနှစ်ကစပြီး စင်ကာပူဟာ နိုင်ငံပြုပြင်ပြောင်းလဲရေးဘက်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် တွန်းတင်လာခဲ့ပါတယ်။ စင်ကာပူရဲ့ သက်တော်ရှည်ဝန်ကြီးချုပ် လီကွမ်းယုရဲ့ ခေါင်းဆောင်မှုအောက်မှာ စင်ကာပူဟာ ကမ္ဘာ့ပထမတန်းစား ပညာရေးစနစ်ရှိတဲ့ နိုင်ငံ ၊ ကမ္ဘာ့ဩဇာအကြီးဆုံး စီးပွားရေးဈေးကွက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Gardens By The Way နဲ့ Supertree Grove တို့လို သဘာဝပန်းခြံတွေ နဲ့ Green Space တွေ ၊ ခေတ်မီမိုးမျှော်အဆောက်အဦတွေ နဲ့ တဟုန်းထိုး တိုးပွားလာတဲ့ လူဦးရေတွေနဲ့ ပြည့်ကျပ်လာခဲ့ပေမယ့် စင်ကာပူဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံး မြို့ကြီး တွေထဲက တစ်မြို့ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စွမ်းဆောင်ရည် အညွှန်းကိန်းမှာ Ranking မြင့်မြင့် ရထားပါတယ်။

အာရှရဲ့ စီးပွားရေးကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးနဲ့ နေချင့်စဖွယ်အကောင်းဆုံး မြို့တွေထဲက တစ်မြို့ပါပဲ။ စည်းကမ်းဥပဒေ ကောင်းမွန်ပြီး ရာဇဝတ်မှု မရှိသလောက် နည်းပါးတဲ့ စင်ကာပူမှာ နေချင်ရင်တော့ စတုရန်း ၃၉ မီတာ ကျယ်တဲ့ မြေအတွက် ဒေါ်လာ ၁ သန်း ရှာထားဖို့လည်း လိုမှာပါ။

Featured Photo : BBC