၂၀၂၃ ခုနှစ်ရဲ့ နှစ်စ ဇန်နဝါရီလကတော့ ကုန်ဆုံးပါတော့မယ်။ နှစ်သစ်မှာ ကွီးတို့ ခရီးတွေ ထွက်ဖြစ်ပါရဲ့လား။ လူတော်တော်များများကတော့ နှစ်သစ်ကို ခရီးသွားခြင်းနဲ့ စတင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဟုတ်ပါတယ် နှစ်တစ်နှစ်ရဲ့အစမှာ လန်းဆန်းတက်ကြွမှုတွေ ၊ အိုင်ဒီယာအသစ်တွေနဲ့ အတွေ့အကြုံအသစ်တွေ ရဖို့ဆိုရင် မရောက်ဖူးသေးတဲ့ နေရာ သစ်တွေဆီ ခြေဆန့် ခရီးနှင်တာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ဒီတော့ အခုနှစ်စကို ခရီးသွားခြင်းနဲ့ စတင်မယ့် ကွီးတို့အတွက် နေရာကောင်းလေးတွေကို လမ်းညွှန်ပေးလိုက်ပါမယ်။

(၁) Blue Lagoon – အိုက်စလန်

Photo : The Planet D

အိုက်စလန်နိုင်ငံထဲက Blue Lagoon ကတော့ ကမ္ဘာလှည့်ခရီးသွား လည်ပတ်မှုအများဆုံး နေရာ တွေထဲကတစ်ခု ဖြစ်ပါတယ်။ နတ်ရေကန်လို့ တင်စားရမယ့် ရေပူစမ်းနဲ့ ထူးခြားခမ်းနားလှတဲ့ ကမ္ဘာကျော် အပန်းဖြေစခန်းတို့က ခရီးသွားတွေကို အဓိကဆွဲဆောင်နေပါတယ်။ ရေပူစမ်းမှာ ရေနွေးစိမ်ရင်း အနားယူအပန်းဖြေချင်သူတွေအတွက်တော့ တကယ့်ကို ကွက်တိကျစေမှာပါ။

(၂) Navagio ကမ်းခြေ – ဂရိ

Photo : GTP Headlines – Greek Travel Pages

Navagio ဆိုတာကတော့ “သင်္ဘောပျက်” လို့ အဓိပ္ပါယ်ရပါတယ်။ တစ်ချိန်က မှောင်ခိုကုန်ကူးသူတွေ အဓိကကျက်စားခဲ့ရာ နေရာတစ်ခုပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကြည်လင်တဲ့ ရေပြာရောင်နဲ့ သဲဖြူဖြူသောင်ပြင်တို့နဲ့အတူ အလှကြီးလှနေတဲ့ ကမ္ဘာပေါ်က ခရီးသွားလို့အကောင်းဆုံး နေရာ တွေထဲကတစ်ခုဖြစ်နေပါပြီ။ Navagio ကမ်းခြေဟာ Lonian ကျွန်းစုတွေထဲမှ အကြီး ကျွန်းတစ်ခုဖြစ်ပြီး ခရီးကြမ်းပေမယ့် မယုံနိုင်လောင်အောင် လှတဲ့ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

(၃) Provence – ပြင်သစ်

Photo : TravelAwaits

လှပတဲ့ စပျစ်စိုက်ခင်းတွေနဲ့ တောင်တန်းတွေရဲ့အလှကို ခံစားဖို့အတွက် ပြင်သစ်နိုင်ငံ Provence က အကောင်းဆုံး နေရာ တစ်ခုလို့​ပြောရင် မမှားနိုင်ပါဘူး။ Provence ဒေသဟာ သံလွင်တောတွေ ၊ ထင်းရှူးတောတွေနဲ့ လာဗင်ဒါစိုက်ခင်းတွေအပြင် ကျယ်ဝန်းတဲ့ စပျစ်ခြံတွေအများကြီးရှိပါတယ်။ Provence ဒေသကို သွားရောက်လည်ပတ်မယ်ဆိုရင် Nice ၊ Marseille၊ French Riviera နဲ့ Avignon မြို့တွေကို မဖြစ်မနေလည်ပတ်ခဲ့ဖို့ မှာချင်ပါတယ်။

(၄) Sauni Samburu Safari စခန်း – ကင်ညာ

Photo : Timbuktu Travel

တောရိုင်းတိရိစ္ဆာန်တွေရှိရာ နေရာ တွေဟာ လူတွေသွားရောက်အပန်းဖြေဖို့ အမြဲတမ်းကောင်းတဲ့ နေရာတစ်ခု မဟုတ်ပေမယ့်လည်း စွန့်စားမှုနဲ့ သဘာဝတရားကို အနီးကပ်ခံစားချင်သူတွေအတွက်တော့ ကင်ညာနိုင်ငံက Saruni Samburu Safari Camp က သေချာပေါက်သွားသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သဘာဝတောရိုင်းတိရစ္ဆာန်တွေ ၊ ငှက်မျိုးစိတ်တွေနဲ့  တောတောင်ရှုခင်းတွေ ခံစားကြည့်ရှုရင်း စိတ်ထွက်ပေါက်ရှာနိုင်သလို အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရမယ့် ရေကူးကန် ၊ Spa နဲ့ Dining Areas တို့ပါတဲ့ ဇိမ်ခံဟိုတည်တွေလည်း ရှိပါတယ်။

(၅) Sanur – ဘာလီ – အင်ဒိုနီးရှား


Photo : Vrbo

ကမ္ဘာပေါ်က အလှဆုံးကမ်းခြေလို့ပြောရင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာရှိတဲ့ Sanur ကမ်းခြေကို ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ သာယာလှပတဲ့ ကမ်းခြေအလှကို ခံစားရင်း နေဝင်ချိန် / နေထွက်ချိန်တွေကို ဖြတ်သန်းဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ တစ်သက်မမေ့နိုင်တဲ့ ကမ်းခြေအတွေ့အကြုံကို ခံစားချင်ရင်တော့ Sanur ကိုသာ အရောက်သွားလိုက်ဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Achieve Global Safaris