ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှုဘဝမှာ လှုမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုပ်ငန်းခွင်စသည့် ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှု တွေ အနည်းနဲ့ အများတော့ ခံစားရလေ့ရှိပါတယ်။ စိတ်ဖီစီးမှုများကို ဖြေဖျောက်နိုင်အောင် သို့မဟုတ် လျော့ပါးအောင် မပြုလုပ်ပါက ရေရှည်မှာ ကွီးတို့အတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကတော့ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမဲ့ ၎င်းစိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာအောင်တော့ ကွီးတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု တွေကို ဖြေဖျောက်နိုင်မဲ့ နည်းလမ်းကောင်းတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့ ပြုမူနေထိုင်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် စိတ်ဖိစီးမှု

Photo : Decathlon Blog

ကွီးတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု တွေကို ဖြေဖျောက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုစေတဲ့ အတွက် အချိန်ပေးပြီး ပြုလုပ်ကြည့်ပါ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။

Anxiety and Depression Association of America မှ လေ့လာမှုအချို့အရ ၁၀ မိနစ်လမ်းလျှောက်ခြင်းသည် စိတ်တည်ငြိမ်စေရန်အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၄၅ မိနစ် သို့မဟုတ် ကြာကြာလမ်းလျှောက်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အထောက်အကူဖြစ်နိုင်သည်ဟု အချို့သောလေ့လာမှုများက အကြံပြုထားပါတယ်။ လမ်းလျှောက်ခြင်းက အသက်အရွယ်မရွေး လုပ်နိုင်တာကြောင့် နေ့စဉ်အချိန်ပေးပြီး လုပ်သင့်ပါတယ်။ ကွီးတို့ အနေနဲ့ ပြေးခြင်း၊ ယောဂကျင့်ခြင်း စတဲ့လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်လို့ရပါတယ်။

(၂) သီချင်းနားထောင်ပါ

နေ့စဉ် စိတ်ဖိစီးမှု

Photo : lifehack

လုပ်ငန်းခွင်မှာပဲ ဖြစ်စေ၊ တစ်စုံတစ်ရာကြောင့် စိတ်ဖိစီးမှု ကြုံတွေ့ရလျှင်ဖြစ်စေ ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို ချက်ချင်း လျှော့ကျစေဖို့ နည်းလမ်းကောင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ သီချင်းနားထောင်ခြင်းပါပဲ။ လုပ်လက်စ အလုပ်များကို ခေတ္တရပ်ထားပြီး ကွီးတို့ကြိုက်တဲ့ သီချင်းလေးတွေ၊ စိတ်တည်ငြိမ်စေတဲ့ သီချင်းအေးအေးလေးတွေ ၊ Stress Relief Frequency Music တွေ ဒါမှမဟုတ် ကွီးတို့ စိတ်ကိုပျော်ရွှင်စေတဲ့ သီချင်းလေးတွေကို ၁၀ မိနစ် ၁၅ မိနစ်ခန့် နားထောင်လိုက်ပါ။ ဒီနည်းလမ်းလေးက တကယ်ကို အလုပ်ဖြစ်တာ ကွီးတို့တွေ့ရမှာပါ။

(၃) ဆေးလိပ်နဲ့ နီကိုတင်းထုတ်ကုန်များကို လျှော့ချပါ

နေ့စဉ် စိတ်ဖိစီးမှု

Photo : Dr.Mohan’s Diabetes

ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို သက်သာစေတယ်ဆိုပြီး ရည်ညွှန်းကြပါတယ်။ သို့သော် ဆေးလိပ်နဲ့ နီကိုတင်းတို့က ရုပ်ပိုင်းဆိုင်ရာ နိုးကြားမှုကို တိုးမြင့်စေပြီး သွေးစီးဆင်းမှုနှင့် အသက်ရှူမှုကို လျှော့ချခြင်းတို့ကြောင့် ခန္ဓာကိုယ်ကို အမှန်တကယ် ဖိစီးမှု ဖြစ်စေပါတယ်။ ဒါ့အပြင် ရေရှည်အတွက် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေပြီး ကျန်းမာရေးကြောင့် စိတ်ဖိစီးမှုကို ထပ်မံခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အကူအညီမဖြစ်စေပါဘူး။

(၄) ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ

နေ့စဉ် စိတ်ဖိစီးမှု

Photo : Men’s Health

အချို့သောသူများက စိတ်ဖိစီးမှုကြောင့် အစားအစာကို အလွန်အကျွံ စားမိတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချဖို့ အရက်အလွန်အကျွံသောက်တာ၊ ကဖိန်းဓာတ်တွေ အများကြီး စားသောက်တာမျိုး လုပ်မိတတ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ခဏတာစိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပေမဲ့ ရေရှည်အတွက် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုကို ခံစားရနိုင်တဲ့ အပြင် စိတ်ဖီစီးမှုလည်း နှစ်ဆဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ အစားအသောက်ကို စားသုံးတာက စိတ်ဖိစီးမှုကို အတိုင်းအတာတစ်ခုထိ တိုက်ဖျက်နိုင်ပါတယ်။

(၅) တစ်စုံတစ်ယောက် နဲ့တိုင်ပင်ပါ

Depression

Photo : The Phoenix Recovery Center

နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု တွေကို ဖြေဖျောက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်ယောက်တည်း မြိုသိပ်မနေဘဲ တစ်ယောက် ယောက်နဲ့ ရင်ဖွင့်တိုင်ပင်လိုက်တာပါပဲ။ ကွီးတို့ စိတ်ဖိစီးနေရတာ စိုးရိမ်ပူပန်နေရတာတွေကို ကွီးတို့မိသားစုကို သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း သော်လည်းကောင်း၊ ချစ်သူကိုလည်းကောင်း ရင်ဖွင့်တိုင်ပင်ကြည့်ပါ။ ဘယ်လို အကူအညီတွေရနိုင်မလဲဆိုတာ ဆွေးနွေးပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ သူများကြောင့်လည်း ကွီးတို့ရဲ့ စိတ်ပင်ပန်းမှု အနည်းနဲ့အများကို လျော့ကျစေနိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့အနေနဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု ပြင်းထန်နေပါ ကျွမ်းကျင်သောပညာရှင် သို့မဟုတ် ကုထုံးပညာရှင်များနှင့်ဆွေးနွေး တိုင်ပင်ပြီး အကူအညီရယူပါ။

(၆) အချိုအနည်းငယ် စားပါ

Depression

Photo: VistaCreate

စိတ်ဖိစီးမှုခံစားရတဲ့အခါ အချို သို့မဟုတ် ချောကလက်တစ်ဘား ဒါမှမဟုတ် နှစ်ဘားလောက် စားခြင်းက ကွီးတို့ရဲ့စိတ်ဖိစီးမှု အဆင့်ကို အမှန်တကယ် လျော့ကျစေနိုင်ရုံသာမက အာရုံကြောများကိုပါ ငြိမ်သက်စေတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ အနက်ရောင် ချောက လက်စားခြင်းဖြင့်လည်း စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း အဆင့်ကို ထိန်းညှိပေးပြီး ဇီဝဖြစ်ပျက်မှုကို တည်ငြိမ်စေပါတယ်။

(၇) လုံလောက်စွာ အိပ်စက်အနားယူပါ

Depression

Photo : Beauty & Self Love

‌စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို ကြုံတွေ့ခံစားရတဲ့အခါ ကွီးတို့ရဲ့ခန္ဓာကိုယ်ဟာ အိပ်စက်အနားယူဖို့ ပိုလိုအပ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို ခဏမေ့ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်ကြိုးစားလိုက်ပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကလည်း ကွီးတို့ နေ့စဉ် ကြုံတွေ့ခံစားရတဲ့ စိတ်ဖိစီးမှု တွေကိုလျော့ကျစေပါတယ်။ တစ်နည်းအားဖြင့် အိပ်ရေးပျက်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းမရှိပါက ကွီးတို့ရဲ့ စိတ်ဖိစီးမှုကို ပိုမိုဆိုးဝါးစေပါတယ်။

အခုဖော်ပြလိုက်တဲ့ နည်းလမ်းလေးတွေက ကွီးတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။

Source : Health Essentials

Featured Photo : Lotus Medical Centre